ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ နေအိမ်မီးရှို့ခံရတဲ့ ဒေသခံပြည်သူ ၃၀၀၀ ကျော်အတွက် နေစရာ၊ စားနပ်ရိက္ခာနဲ့အသုံးအဆောင်ပစ္စည်းများလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က နေ့စဥ်နေ့တိုင်း ကျေးရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေတာကြောင့် နေအိမ်မီးရှိို့ဖျက်ဆီးခံရတဲ့ ကျေးရွာတွေက ဒေသခံတွေမှာ ယာယီနေထိုင်ဖို့ နေရာ၊ စားနပ်ရိက္ခာနဲ့အသုံးအဆောင်ပစ္စည်းများလိုအပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“လက်ရှိအတွက်တော့ မီးဘေးသင့်ပြည်သူတွေ များလာတော့ သူတို့ရဲ့အိမ်တွေ မီးရှို့ခံရတဲ့အတွက် နေစရာကအဓိကလိုအပ်‌နေတာပေါ့။ အဲ့အတွက် ယာယီအဆောက်အဦးတွေ လုံလုံလောက်လောက်လေး ဆောက်ပေးနိုင်ဖို့လိုနေတယ်။ စားနပ်ရိက္ခာနဲ့အသုံးအဆောင်ဖြစ်တဲ့အိုးခွက်ပန်းကန်တွေနဲ့‌ အနွေးထည်စောင် ခြင်ထောင်‌တွေ ကလေးသူငယ်နဲ့သက်ကြီးရွယ်အိုတွေ မမာမကျန်းဖြစ်တဲ့သူတွေအတွက် ဆေးဝါးများလည်း လိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိမှာ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသခံပြည်သူတွေအတွက် ယာယီနေထိုင်ဖို့ အဆောက်အအုံ၊ စားနပ်ရိက္ခာ၊ ဆေးဝါးကုသမှုနဲ့ ဆောင်းရာသီအတွက် အနွေးထည်၊ ခြုံစောင်နဲ့ ခြင်ထောင်တွေလိုအပ်နေလို့ အလှူရှင်တွေအနေနဲ့ ဝိုင်းဝန်းလှူဒါန်းပေးကြဖို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ ဖိတ်ခေါ်ထားပါတယ်။

ဒီပဲယင်းမြို့နယ်သည်ဒီဇင်ဘာလ အတွင်း ရွာပေါင်း၃၀ ကျော်နဲ့ဘုန်းကြီးကျောင်း ၅ ကျောင်း မီးရှို့ခံခဲ့ရကာ အိမ်ခြေ ၃၀၀၀ ကျော် မီးဘေးသင့်ခဲ့ရပြီး အာဏာသိမ်းပြီးနောက်ပိုင်း စုစုပေါင်းအိမ်ခြေ ၄၅၀၀ ဝန်းကျင်ကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
#ဒီပဲယင်း #စစ်ကောင်စီ #မီးရှို့ #ဒေသခံ #၃၀၀၀
#Ayeyarwaddy_Times