ဧရာဝတီတိုင်းမ်
(ပေါက်)၊ ဇန်နဝါရီလ ၁ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းအား ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက် နေ့လည် ၁ နာရီဝန်းကျင်အချိန်တွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အင်အား ၁၃၀ ဝန်းကျင်ရှိ ပျူစောထီးစခန်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းပါ အထိုင်ချနေပြီး ပူးပေါင်းအဖွဲ့များမှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး၊ ပျူစောထီး ၂ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိုင်(ပ.က.ဖ)ထံမှ သိရသည်။
“တပ်သားနဲ့ ပျူတွေစုစုပေါင်း ၁၃၀ ကျော်တယ်။ စစ်ကြောင်းရှိနေလို့စစ်တပ်ပါအထိုင်ချထားတာ။ ပျူစခန်းမှာစစ်တပ်ပါပေါင်းထားတာ၊ စစ်သား ၁ယောက်၊ ပျူ ၂ယောက်၊ ဒဏ်ရာရ ၆ ဦးရှိတယ်။ သူတို့ဘက်ကစက်လက်နဲ့ပါသုံးပြီးပြန်ပစ်တယ်။ ရေပြာရဲစခန်းကနေ အင်အား ၄၀ ကျော်စစ်ကူလာလို့ပြန်ဆုတ်ခဲ့ရတယ်”ဟု မြိုင်(ပကဖ)တပ်ရင်း၁မှ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များဘက်မှ အသာစီးရခဲ့သော်လည်း ရေပြာရဲစခန်းမှ အင်အား ၄၀ ကျော်ဖြင့် စစ်ကူပေလာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ရင်း (၁)၊ တပ်ခွဲ (၁) ၊ တပ်ခွဲ ၄ (စကြာ်ဒေသကာကွယ်ရေးတပ်ဖွဲ့ ) ၊ တပ်ရင်း ၇၀၃ (အနောက်ပိုင်းတိုင်း)၊ မုန်တိုင်းတပ်ဖွဲ့ ၊ ဘီးလုံးငှက်ပြောက်ကျားတပ်ဖွဲ့ ၊ ကိုအောင်ကြီးဦးဆောင်သော RGFတပ်ဖွဲ့ ၊ မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့(MRDF) ၊ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပ.က.ဖ)ထံမှ သိရသည်။
#ပေါက် #ပျူစောထီးစခန်း #မြိုင် #PDF #ပစ်ခတ်တိုက်ခိုက် #သေဆုံး #ဒဏ်ရာရ
#Ayeyarwaddy_Times