ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ ဇန်နဝါရီလ ၁ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီရွာနှင့် တောင်ကလေးကျေးရွာဝန်းကျင်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါစစ်ကောင်စီတပ်များမှာ KNU တပ်မဟာ ၅ နယ်မြေအတွင်းသို့ဝင်ရောက်ရန်ကြိုးစားလာခြင်းဖြစ်ပြီး စစ်ကောင်စီ နတ်ကြီးစခန်းမှ မဲပလီစခန်းသို့လာရာလမ်းတွင် ‌မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကမနေ့မနက်ကလည်းဖြစ်သေးတယ်၊ စဖြစ်တာကတော့ ၂၈ ရက်နေ့လောက်တည်းကစဖြစ်နေတာ၊ သူတို့က နတ်ကြီးစခန်းကနေ တပ်မဟာ ၅ နယ် မြေ မဲဝိုင်ဘက်ကိုတက်လာတာ၊ ထိတွေ့တိုက်ပွဲဖြစ်တော့ ၅ ယောက်နဲ့အထက်ကျတယ်၊ သူတို့တွေကအလောင်းတွေကိုဒီတိုင်းထားခဲ့တော့ ကျွန်တော်တို့မိတ်ဖက်တပ်ပေါင်းစုဘက်ကပဲ မြေမြှုပ်ပေး လိုက်ရတယ်”ဟုသထုံခရိုင်PDFတာဝန်ခံကိုအေးမင်းထွန်းမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး စစ်ကောင်စီလက်အောက်ခံမဲပလီတပ်စခန်းမှ တောင်ကလေးကျေးရွာနှင့်ဇီးကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်‌ခဲ့ရာ ‌ပြည်သူ ၄ ဦးထိခိုက်ပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်ကလည်း ဘီးလင်းမြို့နယ် ညောင်ထောက်ကျေးရွာအနီးတွင် နယ်မြေကျူးကျော်လာသည့်စစ်ကောင်စီတပ်များနှင့် မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး တော် လှန်ရေးရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုမှ အဖွဲ့ဝင်တစ်ချို့။