ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်
ယခုနှစ် အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာ နိုင်ငံရဲ့ အာဏာသိမ်းမှုအလွန် အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ အများစုက မျှော်လင့်ကြပေမယ့် ဂျကာတာက အာဏာသိမ်းစစ်ကောင်စီအပေါ် တင်းမာသော ရပ်တည်ချက်ထားရှိဖို့ ဉီးမဆောင်ရင် အပြောင်းအလဲ အနည်းငယ်သာရှိမယ်လို့ လေ့လာ သူတွေက ပြောပါတယ်။
အင်အားကြီးနိုင်ငံတွေကြား ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုတွေက နောက်ထပ် စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အမေရိကန်-တရုတ် လွန်ဆွဲပွဲမှာ လက်ကိုင် တုတ်အဖြစ် အသုံးချခံမယ့်အစား အာဆီယံဥက္ကဌသက်တမ်းအတွင်း ဒေသတွင်းချိတ်ဆက်မှုနဲ့ စီးပွားရေး ပြန်လည်ကောင်းမွန်ရေးကို အလေးထားဖွယ်ရှိတယ်လို့ အချို့က ခန့်မှန်းပါတယ်။
မြန်မာ့အရေးကို ဒေသတွင်းပြဿနာအဖြစ် အဓိပ္ပာယ်မဖွင့်ဆိုသင့်ဘူးလို့ ပြီးခဲ့တဲ့လအတွင်း အင်ဒိုနီးရှား နိုင်ငံက ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့ပါတယ်။ အာဆီယံက မြန်မာ့အရေးကို ဘယ်လို ထိထိရောက်ရောက် ဖြေရှင်း မယ်တယ်ဆိုတာ ပြသသင့်တယ်လို့ အင်ဒိုနီးရှားတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးကထိက ရှိုဝမ်အယ်လ်ဘန်နာက ပြောပါတယ်။
“အာဆီယံက အခုချိန်ထိ ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ရေးကို ကိုင်ဆွဲထားဆဲပါ။ အကြမ်းဖက် မှုတွေ ဆက်ဖြစ်နေရင် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ယာယီ ရပ်ဆိုင်းတာမျိုး ပဋိပက္ခဖြေရှင်းရေးအတွက် ပို မို တွန်းအားပေးဖို့ လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက ရွေးကောက်ခံအစိုးရတစ်ရပ်ကို ဖြုတ်ချပြီးနောက် နှစ်လကျော်အကြာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးရည်ရွယ်တဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အာဆီယံနဲ့ အာဏာ သိမ်းစစ်ကောင်စီ သဘောတူခဲ့ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာ သွေးစွန်းတဲ့ ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှု တွေ တိုးလာခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၂၇၀၀ ကျော် သတ် ဖြတ်ခံခဲ့ရပြီး ၁၇၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ဆိုပါတယ်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို လျစ်လျူရှုခဲ့ပါ တယ်။ မြန်မာက အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်နေဆဲဖြစ်ပြီး အာဆီယံက စစ်ကောင်စီကိုယ်စားလှယ်တွေကို ဒေသ တွင်းအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။
နှစ်နှစ်အထိ တိုးတက်မှုမရှိတဲ့ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံ အလှည့်ကျဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက ပိုပြီး တင်းတင်းမာမာ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ဂျကာတာမြို့တော်အခြေစိုက် မဟာဗျူ ဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) မှ အမှုဆောင် ညွှန်ကြားရေးမှူး ယိုစီရီဇယ်ဒါမူရီက ပြောပါတယ်။
“အာဆီယံ အခြားနိုင်ငံရဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူ ကျင့်သုံးပေမယ့် မြန်မာစစ်ကောင်စီအပေါ် ဖိ အားပေးမှု တိုးမြှင့်သင့်ပြီး လိုအပ်ရင် အာဆီယံကနေ ထုတ်ပယ်တာမျိုးအထိ ပြုလုပ်သင့်ပါတယ်” လို့ သူက ဆိုပါ တယ်။
အဖွဲ့ဝင်ဆယ်နိုင်ငံပါ အာဆီယံအဖွဲ့ဟာ ဘုံဆန္ဒနဲ့ သဘောတူညီချက်တွေ ပြုလုပ်တာဖြစ်ပါတယ်။ အာဆီ ယံအဖွဲ့ဝင် အာဆီယံနိုင်ငံအချို့နဲ့ မြန်မာစစ်တပ်ကြား နီးကပ်သောဆက်ဆံရေးကြောင့် စစ်ကောင်စီအပေါ် ပြင်း ထန်သောအရေးယူမှု မပြုလုပ်နိုင်တာလို့ လေ့လာသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း ထိုင်းနိုင်ငံက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးပါဝင်တဲ့ မြန်မာ့အရေးဆိုင်ရာ အစည်း အဝေးတစ်ရပ်ကို လက်ခံကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးဟာ အာဆီယံအဖွဲ့တွင်းရှိ အာဏာ ရှင်အစိုးရတွေနဲ့ ဒီ မိုကရေစီအစိုးရတွေကြား သဘောထားကွဲလွဲမှုတွေကို ထင်ဟပ်စေတယ်လို့ လေ့လာသူတွေက ရှုမြင်ခဲ့ပါတယ်။
ဗန်ကောက်မြို့တော်မှာပြုလုပ်တဲ့ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးကို အင်ဒိုနီးရှား၊ မလေး ရှား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူက ကန့်ကွက်ခဲ့ပါတယ်။ အာဆီယံဟာ ကမ္ဘာ့တတိယအကြီးမားဆုံး ဒီမိုကရေစီဒေသ ဖြစ်တာကြောင့် အင်ဒိုနီးရှားနိုင်ငံက အင်အားကောင်းတဲ့ အာဆီယံခေါင်းဆောင်ဖြစ်နိုင်တယ်လို့ မလေးရှားနိုင်ငံ အစ္စလာမ္မစ်တက္ကသိုလ်မှ ဉပဒေပါမောက္ခ အဗ္ဗဒူဂါဖာဟာမက်က ပြောပါတယ်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဟာ ရုရှားကျူးကျော်စစ်နဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေတဲ့ ၂၀၂၂ ခုနှစ် G-20 အဖွဲ့ရဲ့ ဥက္ကဌတာဝန်ကိုလည်း ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ “အင်ဒိုနီးရှားနိုင်ငံဟာ တစ်ချိန်က စစ်အုပ်ချုပ်ရေးအောက် ကျရောက်ခဲ့ပြီး ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
စစ်ကောင်စီက စီစဉ်ထားတဲ့ ၂၀၂၃ ခုနှစ်လယ် ရွေး ကောက်ပွဲကို ရွှေ့ဆိုင်းရနိုင်တယ်လို့ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က စက်တင်ဘာလအတွင်း ရုရှားသတင်းဌာန RIA နဲ့ အင်တာဗျူးတစ်ခုမှာ အရိပ်အမြွတ်ပြောကြားခဲ့ပါတယ်။
သမ္မတ ဂျိုကိုဝီနဲ့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီတို့က အာဆီယံဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ကြုံ တွေ့ရမယ့် စိန်ခေါ်မှုတွေကို ကောင်းစွာ သတိမူမိပါတယ်။
“ကမ္ဘာ့ရေးရာအခြေအနေ ရှုပ်ထွေးနေချိန် ကျွန်မတို့ အာဆီယံဥက္ကဌတာဝန်ယူရမှာဖြစ်ပါတယ်။ မြန်မာ့ အရေးကလည်း အာဆီယံအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်” လို့ ရတ်နိုမာဆူဒီက ပြီးခဲ့တဲ့လအတွင်း သတင်း ထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလ ၁ ရက်က Benar News ဝဘ်ဆိုဒ်တွင် ဆောင်းပါးရှင် Tria Dianti နဲ့ Pizaro Gozali Idrus တို့ ရေးသား ထားတဲ့ 2023 ASEAN Chair, Indonesia Must Dial Up Pressure On Myanmar Junta ကို ဆီလျော် အောင် ဘာသာပြန်ထားပါတယ်။