ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က ရွာထဲ လက်နက်ကြီး ကျရောက်ခဲ့လို့ ဒဏ်ရာရရှိတဲ့ အထဲက အမျိုးသား ၁ ဦးဟာ ညနေပိုင်းမှာသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီဘက်ကရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာထဲ လက်နက်ကြီးကျရောက်စဉ် သေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက် ၅၂ နှစ်အရွယ် ဦးကွန်ဂျာနော်ဖြစ်ပြီး သူ့ကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ မှော်ပုံကျေးရွာ အနီး ဆန်ခါသုဿန်မှာ မြေမြုပ်နှံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဆေးရုံမှာပဲ ဆုံးသွားတာ ဒီနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ မြေမြုပ်လိုက်ရတယ်၊ ထိခိုက်သူတွေထဲက ၂ ဦးကတော့ အခြေအနေ မကောင်းလို့ မြစ်ကြီးနားဆေးရုံကို လွှဲလိုက်ရတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ကျည်ဆံ ၃ လုံး ရွာထဲကျရောက်စဉ် အသက် ၅ နှစ်အရွယ် ကလေးငယ်အပါဝင် စုစုပေါင်း ၇ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲ့အထဲက အမျိုးသား ၁ ဦးသေဆုံးကာ ၂ ဦးကို မြစ်ကြီးနား ဆေးရုံကို လွှဲပြောင်းပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ကျေးရွာတွေဘက်ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာမျိုး ဖြစ်တာကြောင့် ဆက်လက်နေထိုင်ဖို့အတွက်လည်း စိတ်ပူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။