ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်
အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လ ၁ ရက် နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်စဲတယ်လို့ စစ်ကောင်စီကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၃၁ ရက် မနေ့ကရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၂ ခု နှစ်ကုန်အ ထိ အပစ်အခတ်ရပ် စဲကြောင်း ကြေငြာချက်ဟာ မနေ့ကသက်တမ်းကုန်ခဲ့ပြီးတဲ့နောက် ၂၀၂၃ ခုနှစ် တစ်နှစ်လုံး ကိုပါ စစ်ကောင်စီ တပ်ဘက်အပစ်ရပ်မှုကို ထပ်မံတိုးမြှင့်တယ်လို့ကြေငြာခဲ့တာပါ။
စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ၎င်းတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကလွဲရင် ကျန်တဲ့ ကချင်၊ကယား၊ ကရင်၊ချင်း၊ ရခိုင်၊ရှမ်း(မြောက်) စတဲ့တိုင်းရင်းသားနယ်မြေ တွေက EAO တွေအားလုံးနီးပါးနဲ့ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။
ဒါ့အပြင် အာဏာသိမ်းမှုကိုခုခံတော်လှန်နေတဲ့ စစ်ကိုင်း ၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ဧရာဝတီ စတဲ့ ပြည်နယ်နဲ့တိုင်းတွေက PDF ၊ UG တွေရဲ့တိုက်ခိုက်ဖောက်ခွဲမှုတွေကြောင့် နိုင်ငံအနှံ့နီးပါး နေ့ စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်မှုတွေရှိခဲ့ပေမယ့် တိုင်းရင်းသားနယ်မြေအများအပြားအပါအဝင် စစ်ကိုင်း၊မကွေး စတဲ့ဒေသတွေမှာ EAO၊ PDF နေရာတွေအပြင် ဒေသခံတွေရဲ့နေအိမ်တွေကိုပါ လက်နက်ကြီးတွေအပြင် လေကြောင်းဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့တာပါ။
စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က အပစ်အခတ်ရပ်စဲကြောင်းကြေငြာချက်ကို ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်း ၂ ကြိမ်ကြေငြာခဲ့ပြီး ၂၀၂၂ ခုနှစ်ကိုငြိမ်းချမ်းရေးနှစ်လို့သတ်မှတ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောဆိုခဲ့ပါတယ်။