ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် အိမ်ထောင်စုစာရင်း ပြင်ဆင် အသစ်ပြုလုပ်သူများထံမှ စစ်ကောင်စီ​လက်အောက်ခံဝန်ထမ်းများက ကျပ် ၃သောင်းအထိ တောင်းယူနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန်အတွက် အိမ်ထောင်စုစာရင်းများ ပြန်လည်ကောက်ယူရာတွင် အသစ်ပြန်လည်ပြုလုပ်သူများနဲ့ လူဝင်လူထွက် ရှိသော အိမ်ထောင်စုများထံမှ ‌စစ်ကောင်စီ​လက်အောက်ခံဝန်ထမ်းများက တစ်ရွက်လျှင် ကျပ် ၃ သောင်းဝန်းကျင်အထိ တောင်းယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ကျွန်မတို့က အိမ်ထောင်စုစာရင်းက ရှိနေပေမယ့် လူဝင် လူထွက်တွေ ပြန်လုပ်ရတယ်လေ။ သေဆုံးသွားတဲ့ ကျွန်မယောက်ျားရယ် အိမ်ထောင်စုစာရင်းခွဲထုတ်ပေးရမယ့် သမီးရယ် အဲ့တာတော့ရှိတယ်လေ။ အဲ့ဒါလေး ပြန်လုပ်တာ ရပ်ကွက်ထောက်ခံစာတွေ နဲ့သူတို့ကိုပေးရတာနဲ့က သုံးသောင်းလောက်ကုန်သွားတယ်။ အဲ့လိုပေးရတော့ ကျမလည်း ဈေးရောင်းဖို့ အရင်းလေးပါ ကုန်သွားတယ်” လို့ အိမ်ထောင်စုစာရင်းပြင်ဆင်ခဲ့တဲ့ ပန်းတနော်မြို့နယ်က စျေးသည်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီး နောက်ပိုင်း အိမ်ထောင်စုစာရင်းများ ပြန်လည်ပြုလုပ်ရန်အတွက်ဟုဆိုကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက သိမ်းယူထားခြင်းများလည်းရှိနေတယ်လို့ ​ဒေသခံအချို့က ဆိုပါတယ်။

“သူတို့က အိမ်ထောင်စာရင်း ပြန်လည်လုပ်ပေးဖို့ဆိုပြီး သိမ်းယူသွားတယ်။ ကျွန်မတို့က အရင်းနှီးလုပ်ဖို့ ချေးငွေတွေ ထုတ်ယူတဲ့အခါအိမ်ထောင်စုစာရင်းလိုအပ်လို့ ခဏသွားယူရင် သူတို့ကို ငွေကြေးပေးပြီး ပြန်ယူနေရတယ်” လို့ ပန်းတ‌နော်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပန်းတနော်မြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်များ ပြန်လည်ပြုလုပ်ရာတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ ဘာသာခြားများအပေါ် အဆမတန် ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ပန်းတနော် #အိမ်ထောင်စုစာရင်း #ပြင်ဆင်အသစ်ပြုလုပ် #စစ်ကောင်စီ #ဝန်ထမ်း
#Ayeyarwaddy_Times