နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မြန်အောင်)၊ ဒီဇင်ဘာလ ၃၁ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က မူလတန်းပြ ကျောင်းဆရာတစ်ဦးကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မြန်အောင်မြို့နယ်၊ ထိပ်ပုတ်ကုန်းကျေးရွာ အထက်တန်းခွဲ ကျောင်းမှာ မူလတန်းပြအဖြစ် စာသင်ကြားပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကာ CDM ပြုလုပ်ခဲ့တဲ့ ကျောင်းဆရာ အသက် ၂၅ နှစ်အရွယ် ဦးကောင်ခန့်ကျော်(ခ)စောကျော်စုကို ဟင်္သာတခရိုင်တရားရုံးကနေ သေဒဏ်အမိန့်ချမှတ်ခဲ့တာ လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

“ဆရာကို သပြေကုန်းရွာက ဒလန်အသတ်ခံရတာနဲ့ပတ်သက်ပြီး မသင်္ကာလို့ဆိုပြီး ဖမ်းသွားတာ အခြား သပြေကုန်ရွာသားတွေကိုလည်း ဖမ်းသွားတယ် ဆရာက CDM လုပ်လို့ဆိုပြီး ပုဒ်မတွေအများကြီးတပ်ပြီး သေဒဏ်ချလိုက်တာ”လို့ ကျောင်းဆရာနဲ့နီးစပ်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် CDM ကျောင်းဆရာကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်ထဲမှာ စစ်ကောင်စီ တပ်သားတွေက လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဟင်္သာတခရိုင်တရားရုံးမှာ ပုဒ်မ ၃၀၂(၁)(ခ)၊ ၅၀ (စ) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုပြီး သေဒဏ်အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ သတင်းပေးတွေပေါင်းပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အကြောင်းအမျိုးမျိုးနဲ့စွပ်စွဲဖမ်းဆီး တရားစွဲကာ စစ်ကောင်စီလက်အောက်ခံတရားရုံးက အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်လေ့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

#Ayeyarwaddy_Times