ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၁ ရက်

ဧရာဝတီတိုင်းမှာ ကြံ့ခိုင်ရေးပါတီက အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ၂၀၂၃ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ကြိုတင် ဟောပြောစည်းရုံးတာတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မအူပင်ခရိုင်အတွင်းက မြို့နယ် ၄ မြို့နယ်မှာလည်း ဒီဇင်ဘာလထဲမှာ ကျေးရွာတွေအထိလိုက်လံပြီး ဒေသခံ ပြည်သူတွေကို ရွေးကောက်ပွဲအကြောင်း ရှင်းပြမယ် ခေါင်းစဉ်တပ်ကာ စည်းရုံးဟောပြောတာတွေ ပြုလုပ်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

smart

မအူပင်ခရိုင် ကြံ့ခိုင်ရေးပါတီရုံးက လူတွေက ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကျေးရွာတွေမှာ ဟောပြောပွဲတွေ လုပ်နေတာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေရှင်းပြမယ်ဆိုပြီး စည်းရုံးနေတာလို့ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဒါပြင် ဧရာဝတီတိုင်းအတွင်းက ကျောင်းကုန်း၊ ဝါးခယ်မ၊ အိမ်မဲ စတဲ့မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေမှာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေက လိုက်လံစည်းရုံးဟောပြောတာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဧရာဝတီတိုင်းအတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ အနည်းငယ်သာရှိသေးတာကြောင့် ခုလိုမျိုး ကြိုတင်ဟောပြောနေတာလို့ ပါတီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်နေတဲ့ ကြံ့ခိုင်ရေး ပါတီဟာ စစ်တပ်ကထွက်လုပ်တဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ပြုတ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။
#Ayeyarwaddy_Times