ဧရာဝတီတိုင်းမ်
(မော်လမြိုင်)၊ ဒီဇင်ဘာလ ၃၀ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဒေါင်းဇရပ်ရပ်ကွက်တွင် ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်က အိမ်စီးကားတစ်စီးအရှိန်လွန်၍ ရပ်ထားသည့် ၁၂ ဘီးကားအားဝင်တိုက်မိရာမှ အိမ်စီးကားပေါ်ပါလာသည့် အမျိုးသားနှင့်အမျိုးသမီး ၂ ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။

အိမ်စီးကား ယာဉ်အမှတ်(7C/5228)မြာ အရှိန်လွန်၍ ၁၂ ဘီးနောက်အား ဝင်တိုက်မိရာ ကားနောက်တွဲအောက်တွင်ညှပ်မိ၍ အမျိုးသမီးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသားမှာ အရေးပေါ်အသက်ကယ်ဆယ်ခဲ့သော်လည်းသေဆုံးသွားကြောင်း ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆေးရေးအဖွဲ့ထံမှ သိရသည်။

“ကိုယ့်ရှေ့တင်ဖြစ်သွားတာ၊ အရှိန်တအားများတယ်။ နှစ်ယောက်လုံးပွဲချင်းပြီးပဲ။ တစ်ယောက်ဆိုမနည်းထုတ်ရတယ် ညှပ်နေလို့၊ မျက်စိထဲကခုထိမထွက်ဘူး၊ဖြစ်ချိန်က ၄ နာရီခြဲ၊ ၅ နာရီခွဲလောက်မှထုတ်လို့ရသွားတယ်။ တိုက်တုန်းကအသံအကျယ်ကြီး ကိုယ့်မျက်စိရှေ့တင်ဖြစ်သွားတာ”ဟု မျက်မြင်တွေ့ရှိသူအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူ ၂ ဦးမှာ မုဒုံမြို့မှ အသက်(၂၀)အရွယ် မငုဝါဦးဆိုသူနှင့် ရန်ကုန်တိုင်း၊ ခရမ်းမြို့မှ မောင်ဇင်မင်းခန့်ဆိုသူတို့ ဖြစ်ကြောင်းသိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း လိုင်စင်မဲ့ကားမောင်းနှင်လာသည့် ဒုရဲအုပ်ဝင်းနိုင်ထွန်းမှာ မုပွန်လမ်းဘေးရှိရေမြောင်းအတွင်း အရှိန်လွန်ထိုးချပြီး ရေနစ်ကာ နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

#မော်လမြိုင် #အိမ်စီးကား #၁၂ဘီးကား #သေဆုံး
#Ayeyarwaddy_Times့