ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၀ ရက်

ဧရာ၀တီတိုင်းအစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက အကျယ်ချုပ်နဲ့ထားရှိရာကနေ ဒီဇင်ဘာ၃၀ရက်နေ့ ညနေ ၃နာရီက ပုသိမ်အကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးထံကနေသိရပါတယ်။

“ကျန်တဲ့၀န်ကြီးတွေအကုန်လွတ်တယ်သူတစ်ယောက်ပဲ ပုသိမ်ထောင်ကိုအပို့ခံရတာ ဒီနေ့ညနေမှရောက်လာတာ ဘာပုဒ်မတွေနဲ့ စွဲထားလဲတော့မသိသေးဘူး”လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီ၁ရက်နေ့မှာ ဧရာ၀တီတိုင်းအစိုးရအဖွဲ့ဝင်များဖြစ်တဲ့လွှတ်တော်ဥက္ကဋ္ဌ ၊ လွှတ်တော်ဒုဥက္ကဋ္ဌ ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီး ခြောက်ဦးကိုဖမ်းဆီးပြီး တိုင်းလွှတ်တော်၀န်းထဲမှာအကျယ်ချုပ်အဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အကျယ်ချုပ်နဲ့ဖမ်းဆီးထားတဲ့အစိုးရအဖွဲ့၀င်များကို၂၀၂၂ခုနှစ်ဒီဇင်ဘာလ၂၈ ရက်နေ့အထိ တစ်ဦးချင်းခွဲကာလွှတ်ပေးခဲ့ပြီး ဒေါက်တာလှမြတ်သွေးတစ်ဦးသာကျန်ရှိခဲ့တာလို့ NLDပါတီနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဒေါက်တာလှမြတ်သွေးဟာစစ်တပ် အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဝန်ထမ်းတွေအားလုံးကို ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေ အစိုးရအသစ်ဖွဲ့စည်းပြီးတဲ့အချိန်အထိ အလုပ်ပိတ်တယ်လို့အကျယ်ချုပ်ကျခံနေရတဲ့ကြားက ၀န်ကြီးချုပ်ကိုယ်စားကြေညာချက်တစ်စောင် ထုတ်ခဲ့တာကြောင့် ခုလို ဖမ်းဆီးထားတာဖြစ်နိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကသုံးသပ်ကြပါတယ်။

#ဒေါက်တာလှမြတ်သွေး #ပုသိမ်အကျဥ်းထောင် #စစ်ကောင်စီ #ပြောင်းရွေ့
#Ayeyarwaddy_Times