ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၀ ရက်

ဧရာဝတီတိုင်းအတွင်းက ငွေဆောင်နဲ့ ချောင်းသာကမ်းခြေတွေမှာ နှစ်သစ်ကူးညအတွက် ဟိုတယ်နဲ့ တည်းခို ခန်းတွေအားလုံး အခန်းပြည့်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ငွေဆောင်နဲ့ ချောင်းသာမှာ ဟိုတယ်နဲ့ တည်းခိုခန်းပေါင်း အလုံးရေ ၁၅၀ ကျော်ရှိပြီး အခန်းအားလုံးကို နှစ်သစ်ကူးကာလမှာ ဈေး ၂ ဆကျော်ပေးငှားရတာဖြစ်ပေမယ့် အားလုံးအခန်းတွေပြည့်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

“ခုရက်ကတော့ ဧည့်သည်က အပြည့်ပဲ။ နှစ်ကူးရက်နီးတော့ လာကြတာ အခန်းတွေပြည့်လို့ ရွာထဲက အိမ်တွေ တောင်လိုက်ငှားနေရတယ်။ အခန်းကတော့ ဒီအချိန်စျေး ၂ ဆပဲလေ။ အဲ့တာတောင် အခန်းမရတော့ဘူး”လို့ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ချောင်းသာနဲ့ ငွေဆောင်ဒေသမှာရှိတဲ့ ဟိုတယ်အများစုက ဝန်ထမ်းတွေဟာ ကိုဗစ်ကာလ ခရီးသွားလာခွင့် ပိတ်ထားချိန်ကစတင်ကာ ဝန်ထမ်းအချို့ဟာ အလုပ်ရပ်နားခဲ့ရတာဖြစ်ပြီး ခုကာလမှာ အလုပ်ပြန်လည် ရရှိတာမျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ခုလိုမျိုး ဧည့်သည်ဝင်ရောက်မှု ပြန်လည်များပြားလာတာကြောင့် ဒေသတွင်းမှာရှိတဲ့ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းအပြင် အခြေခံလက်လုပ်လက်စာ လူတန်းစားတွေရဲ့ စားဝတ်နေရေးပါ ပြေလည်လာမှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Ayeyarwaddy_Times