ဧရာဝတီတိုင်းမ်
(ဒီပဲယင်း)၊ ဒီဇင်ဘာလ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကြည်ရွာကျေးရွာကို စစ်ကောင်စီတပ်က ယနေ့မနက်ပိုင်းတွင် ဒုတိယအကြိမ် ထပ်မံမီးတင်ရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များမှာ ယမန်နေ့က သိမ္ဘာရွာနှင့်ပန်းပုရွာကို မီးဝင်ရှို့ပြီး ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းတွင်မူ ကြည်ရွာကျေးရွာကို ထပ်မံဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ​ဒေသခံများက ပြောသည်။

“သူတို့က ဒီမနက်အစောကြီး အလစ်ဝင်ရောက်ပြီး မီးဝင်ရှို့တာ အချို့ဆို အိပ်ယာက မနိုးကြသေးဘူး။ လူနာတင်ကားတစ်စီးရယ်၊ ရဲဘော်တွေရဲ့ကားတစ်စီးကို မီးရှို့ဖျက်ဆီးသွားတယ်။ ရွာက ဘုန်းကြီးကျောင်းရဲ့ အဆောင်မျက်နာကျက်တွေလဲ ချိုးဖျက်သွားတယ်။ အိမ်ခြေက တစ်ရာကျော်လောက်မီးထဲပါသွားတယ်”ဟု ဒေသ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒီပဲယင်းမြို့နယ်ရှိ ကြည်ရွာကျေးရွာသည် အိမ်ခြေပေါင်း ၇၀၀ ခန့်ရှိကာ ပထမအကြိမ်မီးရှို့မှုတွင် အိမ်ခြေ ၄၀၀ ဝန်းကျင်ပါသွားပြီး ယခု ဒုတိယအကြိမ် မီးရှို့မှုတွင် အိမ်ခြေ ၁၀၀ ကျော် မီးထဲပါသွားကြောင်း ဒေသခံများထံမှသိရသည်။

ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၈ ရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ၄ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#ဒီပဲယင်း #ကြည်ရွာ #ဒုတိယအကြိမ် #မီးတင်ရှို့
#Ayeyarwaddy_Times