ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဒီဇင်ဘာလ ၃၀ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူအမျိုးသား ၃ ဦးကို ဒီဇင်ဘာ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အကြောင်းမဲ့သတ်ပစ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးသတ်ဖြတ်ခံထားရသူ ၃ ဦးမှာ မင်းတပ်မြို့နယ်၊ တောင်ယာတွင် နေထိုင်ကြသော အပြစ်မဲ့ပြည်သူများဖြစ်ပြီး ဝဉခြံသို့ သွားနေစဉ် ၂ ဦးဖမ်းဆီးခံထားရပြီး ကျန်တစ်ဦးမှာ မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“တောင်ယာမှာ နေထိုင်ကြပြီး ဝဉခြံသွားတဲ့အခါ မင်းတပ် ၂ မိုင်လမ်းခွဲ၊ လှေးကောင်းလမ်းခွဲလမ်းဆုံနားမှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေပါ။ မင်းတပ်မှာ ၂ ယောက်အဖမ်းခံရပြီး နောက်တစ်ယောက်ကတော့ ထီးလင်းမြို့နယ်မှာ အဖမ်းခံထားရတာပါ။ အကုန်လုံးက အမျိုးသားတွေပါ။ အနေ့က ၆ မိုင်တက္ကသိုလ်ကုန်းမှာ ခေါ်ဆောင်သွားပြီးတော့ သတ်ပစ်ကြတယ်လို့ သိရပါတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းတို့ ၃ ဦးကို မင်းတပ်မြို့အခြေစိုက် ခမရ ၂၇၄ တပ်ရင်းမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး မင်းတပ်မြို့မှ ပခုက္ကူမြို့သို့ မိသားစုဆေးကုသရန် သွားရောက်သော မင်းတပ်မြို့၊ ဒေသခံပြည်သူ ၂ ဦးကိုလည်း စစ်ကောင်စီတပ်က ပခုက္ကူမြို့၊ မင်းတပ်ကြားစခန်းတွင် ဒီဇင်ဘာလတတိယပတ်အတွင်းက ဝင်ရောက်ဖမ်းဆီးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

#မင်းတပ် #ဒေသခံ #အကြောင်းမဲ့ #ဖမ်းဆီးသတ်ဖြတ်
#Ayeyarwddy_Times