
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဒဏ္ခိဏသီရိမြို့နယ်၊ အထက – ၁၉ ကျောင်းတွင် ဇူလိုင် လ ၁ ရက်နေ့ နေ့လည်ပိုင်းက ကျောင်းသားများအုပ်စုလိုက်ရန်ဖြစ်ရာမှ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရသည်။
လမ်းပျဥ်းမနားရွာမ ရပ်ကွက်မှာရှိတဲ့ အထက -၁၉ Grade -9တွင်တက်ရောက်နေသည့် ကျောင်းသားများ ကျောင်းစာသင်ခန်းအတွင်း အုပ်စုလိုက်ရန်ဖြစ် ကြခြင်းဖြစ်ပြီး ကျောင်းသား ၁ ဦး ဝက်အူလှည့်ဖြင့် ၅ ချက်ထိုးခံရ၍ သေဆုံးသွားခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါ အထက ၁၉ ကျောင်းတွင်တက်ရောက်နေသည့် လမ်းပျဥ်းမနားရွာမရပ်ကွက်မှကျောင်းသားများနှင့် ထန်းတပင်ရပ်ကွက်မှ ကျောင်းသားများ အုပ်စုလိုက်ရန်ဖြစ်ကြခြင်းဖြစ်ကြောင်းသိရသည်။
” ဖြစ်တာက သောကြာနေ့ နေ့လည်ပိုင်းမှာ၊ ကျောင်းစာ သင်ခန်းထဲမှာဘဲဖြစ်တာ။ ရန်ငြိုးရှိတာလား၊ဘာလားတော့သေချာမသိဘူး၊ သေသွားတဲ့ခလေးက လမ်းပျဥ်းမနားရွာမ က၊ ဝက်အူလှည့်နဲ့ ဗိုက်ကို ၂ ချက်၊ ကျောကို ၃ ချက် ၅ချက်ထိုးခံရတယ်။ သေသွားတဲ့ခလေးကအရင် ချိန်းကြိုးနဲ့ ဝင်ရိုက်တာလို့ သိရတယ်။ ချိန်းကြိုးနဲ့ ရိုက်ထားတာ ဒီဘက်က ခလေးတွေလည်း ခံရတာ အရိုးတွေပါပေါ်တယ်။ အဖွဲ့လိုက်ချကြတာ နာမည်တွေတော့အတိကျမသိဘူး” လို့ အဆိုပါ ဒက္ခိဏမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါဖြစ်စဥ်ဖြစ်ပွားပြီးနောက် ဝက်အူလှည့်နှင့်ထိုးသည့် ကျောင်းသားများကို ကျောင်းအနီးနားရှိ ဒေသခံကျောင်းသားမိဘများမှ ကျောင်းကိုဝိုင်းထားသဖြင့် ကျောင်းမှထွက်ခွာ၍မရဘဲ ညဆယ်နာရီဝန်းကျင်မှသာ ကားများဖြင့်ခေါ်ဆောင်ခဲ့ရပြီး ဝိုင်းထားသည့် ကျောင်း သားမိဘများက ကားများကိုခဲများဖြင့်ပစ်ပေါက်ခဲ့သည်ဟု ၄င်းကဆက်လက်ပြောသည်။
ပြီးခဲ့တဲ့ဇွန်လနောက်ဆုံးအပတ်မှာလည်း တောင်ကြီးမြို့ အထက်တန်းကျောင်းတခုမှ ကျောင်းသားတဦးကို အ ခြား ကျောင်းသား ၄ ဦးခန့်က ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့် ဗီဒီယိုဖိုင်လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံခဲ့သေးသည်။