ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၀ ရက်

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ကို သွားလာရလွယ်ကူစေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရလက်ထက်က ဆောက်လုပ်ခဲ့တဲ့ ဂွချောင်းတံတားကို စစ်ကောင်စီက အရှက်မရှိစွာဖြင့် ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက ဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကမ်းခြေပတ်လည်းဖောက်လုပ်ထားတဲ့ လမ်းမကြီးကနေ ဖြတ်သန်းသွားလာနိုင်ဖို့အတွက် တည်ဆောက်ထားတဲ့ ဂွချောင်းတံတားကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနဲ့ စစ်ကောင်စီခန့်ထားတဲ့ ဝန်ကြီးတွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ တံတားဖွင့်လိုက်တော့လည်း သွားရ လာရတာ ပိုကောင်းသွားတာပေါ့ အရင်က တောင်ပေါ်လမ်းက ပတ်သွား နေရတာ ခုက မြေပြန်လမ်းကသွားရတာဆိုတော့ ပိုအဆင်ပြေနိုင်တယ် ပညာရေး ကျန်းမာရေး ကုန်စည်ပိုဆောင်ရေး အကုန်ပိုမြန်လာမယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

တံတားဟာ ဧရာဝတီတိုင်းက ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြောက်ပိုင်းကနေ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို တိုက်ရိုက်ဆက်သွယ်သွားလာနိုင်ဖို့ တည်ဆောက်ခဲ့တာဖြစ်တယ်လို့ လမ်းတံတားဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

တံတားအရှည်ကတော့ ၁၃၉၈ ပေ ၉ လက်မရှိပြီး အချင်း ၁ ဒဿမ ၂ မိတာ ဘိုးပိုင်အုတ်မြစ်နဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ သံကူကွန်ကရစ်တံတားဖြစ်တာကြောင့် Hl-93 တန်ချိန်ထိ တံတားပေါ်မှာ ဖြတ်သန်း သွားလာနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တံတားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရလက်ထက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေ ကျပ်သန်းပေါင်း ၈၉၀၀ အကုန်ကျခံတည် ဆောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#ဧရာဝတီ #ရခိုင် #ဂွ #တံတား #စစ်ကောင်စီ
#Ayeyarwaddy_Times