ဧရာဝတီတိုင်းမ်
(ကောလင်း)၊ ဒီဇင်ဘာလ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွာဟောင်းကျေးရွာတွင် မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်နှင့် PDF များမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက် ၄ နာရီအချိန်က တိုက်ပွဲဖြစ်ပွားကာ စစ်သား ၇ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Kawlin Revolution – KR အဖွဲ့ထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်မှာ ရွာဟောင်းကျေးရွာအနီးရှိ ရွာများအား မီးရှို့လာသည့် တပ်ဖြစ်ပြီး ၄ နာရီကြာတိုက်ပွဲအတွင်း KL PDF တပ်ရင်း ၂ နှင့်ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

“မနက်၄နာရီလောက်မှာ စပစ်ကြတာပါ။ သေနတ်သံတွေကတော့ ဆူညံနေတာပဲ။ လက်နက်ကြီးသံတွေလည်း ကြားရတယ်။ အပြန်အလှန်ပစ်ကြတာပါ။ အနီးနားကရွာတွေကတော့အကုန်ရှောင်နေကြပါပြီ”ဟု တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၄ နာရီကြာတိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါစစ်ကောင်စီတပ်မှာ ယမန်နေ့ မနက်ပိုင်းတွင်လည်း သဲကောကျေးရွာအား ထပ်မံဝင်ရောက်မီးရှို့နေသဖြင့် ဝန်းသိုမြို့နယ်ဘက်မှ ဒေသကာကွယ်ရေးတပ်များမှ မိုင်းဆွဲးတိုက်ခိုက်ခဲ့ရာ ၅ဦးခန့်ထပ်မံထိခိုက်ခဲ့ကြောင်း‌ ဒေသခံကာကွယ်ရေးအဖွဲ့များထံမှသိရသည်။

ဓာတ်ပုံ – ပေးပို့(မီးရှို့ခံရသည့် သဲကောကျေးရွာ၏ မြင်ကွင်းအချို့)
်#Ayeyarwaddy_Times