နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဒီဇင်ဘာလ ၃၀ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ပရဟိတအသင်းအဖွဲ့တွေ မှတ်ပုံတင်ဖို့အတွက် အသင်း ၁ သင်းကို ငွေ ၃ သိန်းနှုန်း စစ်ကောင်စီက တောင်းယူနေတယ်လို့ သိရပါတယ်။

မအူပင်မြို့နယ်အသင်းမှာ ပရဟိတအသင်းဖွဲ့တွေ ဖွဲ့စည်းခိုင်းပြီး အသင်း ၁ သင်းကို မှတ်ပုံတင်ကြေး ငွေ ၃ သိန်းကျပ်စီ ထည့်ဝင်ရမှာဖြစ်ကြောင်း စစ်ကောင်စီတပ်နဲ့နီးစပ်သူက ကောက်ခံနေတာဖြစ်ကြောင်း ပရဟိတ အသင်းအဖွဲ့တွေက ပြောပါတယ်။

“ မြို့ပေါ်က ရပ်မိရပ်ဖပုံစံလုပ်ပြီး စစ်ကောင်စီနဲ့ပေါင်းနေတဲ့ကောင်က အစည်းအဝေးလုပ်ပြီးပြောတာ မြို့ပေါ်မှာ စစ်ကောင်စီနဲ့ပေါင်းပြီး ပရဟိတလူမှုရေးခေါင်းစဉ်အောက်ကနေ ပြန်ပြီး အရင်က အသိမ်းခံရတဲ့ ကားတွေကို ပြန်ယူချင်နေတာ ဒေသခံတွေက”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပရဟိတအသင်းအဖွဲ့တချို့ရဲ့ လူနာတင်ယာဉ်တွေကို ဖမ်းဆီးခဲ့ တာကြောင့် ဒေသခံပြည်သူတွေက အသင်းဖွဲ့ပြီး ပြန်ရဖို့အတွက် ကြိုးစားနေကြတာလို့ ဆိုပါတယ်။

မအူပင်မြို့နယ်မှဦ လူမှုရေးပရဟိတ အပါဝင် သာရေး နာရေးလုပ်ကိုင်နေတဲ့ အဖွဲ့ပေါင်း ၂၇ ဖွဲ့ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်တပ်နဲ့ပတ်သက်ပြီး ပရဟိတလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်မှာမဟုတ်ကြောင်း ထုတ်ပြန်ပြီး ရပ်နားခဲ့တဲ့ ပရဟိတအသင်းအဖွဲ့ပေါင်း ၂၀ ထိရှိတယ်လို့ သိရပါတယ်။