
ကိုကိုမောင်/ဧရာဝတီတိုင်းမ်
မုံရွာ/ဇူလိုင် ၅ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသအနီးကျေးရွာများကိုစစ်ကောင်စီတပ်မှ တကျော့ပြန် ထပ်မံဝင်ရောက်စီးနင်းမှုများ ဇူလိုင် ၅ ရက် ယနေ့မနက်ပိုင်းတွင် ပြန်လည်လုပ်ဆောင်လာကြောင်း ဒေသခံများထံမှသိရသည်။
ဇူလိုင် ၄ ရက် ယမန်နေ့ ညပိုင်းက တရုတ်-ဝမ်ပေါင်ဆိုက်အနီး စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
”မနေ့ည၁၀နာရီလောက်ကလက်နက်ကြီး၊လက် နက်ငယ်တွေနဲ့ စပစ်တာ။ ဝမ်ပေါင်ဆိုက်နားကနေ ပစ်ခတ်သံတွေကြားနေရတာ၊ PDF တွေနဲ့အပြန် အလှန် ပစ်နေတာ။ ဒီမနက်ကျတော့ အရင်တခါလိုစစ်ကြောင်းပြန်ဝင်လာတာ ဖောင်းတကာနားကိုစဝင်လာတယ်”ဟု ညောင်ပင်ကြီးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဇွန်လ၂၁ရက်ကစတင်၍ လက်ပံတောင်းတောင်ဒေသကျေးရွာများကို စစ်ကောင်စီတပ်များ စစ် ကြောင်းထိုးဝင်ရောက်၍ မီးရှို့၊သတ်ဖြတ်မှုများပြု လုပ်ခဲ့ပြီးနောက် ဇူလိုင်လ ၁ ရက်တွင်ပြန်လည်ထွက်ခွာသွားသဖြင့် ဒေသ ခံတချို့ရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန်ပြုလုပ်ခဲ့သော်လည်း ယခုလိုတကျော့ပြန်ဝင်ရောက် လာလို့ဘေးလွတ်ရာကိုပြန်လည်ထွက်ခွာနေကြရကြောင်း ဒေသခံများကပြောသည်။
” ပြီးခဲ့တဲ့ရက်ပိုင်းကမှ သူတို့(စစ်ကောင်စီတပ်) ရွာတွေက ပြန်ထွက်သွားလို့ ဇူလိုင်၃ရက်နေ့ကကိုအိမ်တွေကိုပြန်ဝင် နေကြတာပေါ့။ တချို့ဆို နေစရာအိမ်မရှိကြတော့ဘူး၊ ဖျက်ဆီးခံထားခဲ့ရတာတွေကို ဝင်ရောက်ရှင်းလင်းလုပ် ကိုင်နေကြတာ၊ မနေ့ညက တခါပြန်ပြီးပစ်တာခတ်တာတွေနဲ့ ဒီမနက်စစ်ကြောင်း ပြန်ထိုးလာလို့ ဘေးလွတ်ရာကိုပြန်ထွက်နေရတယ်” ဟု ၄င်းကဆက်လက်ပြောသည်။
လက်ရှိစစ်ကောင်စီတပ်များပြန်လည်ဝင်ရောက်လာခြင်းကြောင့် လက်ပံတောင်းတောင်အနီးကျေးရွာများမှ ဒေသ ခံ ၁ သောင်းကျော်ဘေးလွတ်ရာမှာ ရှောင်တိမ်းနေရကြောင်း သိရသည်။
ဇွန်လအတွင်းမှာပင် လက်ပံတောင်ကြေးနီစီမံကိန်းဆိုက်အတွင်းတပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ဒေသကာ ကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆိုပါတိုက်ခိုက်မှုကိုလည်း တရုတ် -ဝမ်ပေါင်ကုမ္ပဏီဘက်က ကန့်ကွက်ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့တိုက်ခိုက်ခံရပြီးနောက် လက်ပံတောင်းတောင်ဒေသ ဝမ်ပေါင်-ကြေးနီစီမံကိန်း အနီးနားရှိကျေးရွာများကို ပြီးခဲ့သည့် ဇွန်လ ၂၁ရက်ကစ၍ ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုးပြီးဖမ်းဆီးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့သဖြင့် ဒေသခံအရပ်သား ၂၀ ကျော်ပျောက်ဆုံးနေပြီး ၁၀ ဦးဝန်းကျင်ရဲ့ရုပ်အလောင်းတွေကိုသာပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။