ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၉ ရက်
မြန်မာစစ်တပ်ဟာ ဒီသီတင်းပတ်အတွင်း ပိတ်ပင်ခံထားရတဲ့ သတင်းဌာနမှစာတည်းတစ်ဉီးကို ဖမ်း ဆီးခဲ့တဲ့အပြင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ သတင်းလွတ်လပ်ခွင့်ဆုချီးမြှင့်ခံထားရသူ ကိုဟံသာညိန်း အပါအဝင် သတင်းထောက်သုံးဉီးကို ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအပေါ် နိုင်ငံတကာက ဒဏ်ခတ်အရေး ယူမှုတွေ ထိရောက်စွာလုပ်ဆောင်ဖို့ RSF က ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။
“မြန်မာစစ်ကောင်စီ အာဏာပိုင်တွေရဲ့ သတင်း ထောက်တွေကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းနေတာဟာ စိတ်ပျက်စရာဖြစ်ပါတယ်” လို့ RSF ရဲ့ အာရှ-ပစိဖိတ်ရေးရာဌာန အကြီးအကဲ ဒန်နီရယ်လ်ဘက်စတဒ်က ပြောပါတယ်။
“သတင်းမီဒီယာတွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီ အသုံးပြုနေတဲ့ အကြမ်းဖက်မှုခံနေရတဲ့ မြန်မာနိုင်ငံကို ကမ္ဘာကြီးက ကြည့်မနေနိုင်ပါဘူး။ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို ပစ်မှတ်ထားပြီး နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုတွေ ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးကို တောင်းဆိုပါတယ်” လို့ သူက ပြောပါတယ်။
ကမာရွတ်မီဒီယာ အယ်ဒီတာချုပ်နဲ့ ပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ်ငါးနှစ် ထပ်မံချမှတ်လိုက်တာကြောင့် အရင်ချမှတ်ခံထားရတဲ့ ထောင် ဒဏ် နှစ်နှစ်အပါအဝင် သူဟာ စုစုပေါင်း ထောင်ဒဏ်ခုနစ်နှစ် ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာလ ၂၅ ရက် မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ရှိ မိဘတွေရဲ့နေအိမ်မှာ ကမ္ဘောဇတိုင်းမ် သတင်းဌာနရဲ့ စာတည်းတစ်ဉီးဖြစ်သူ ကိုကျော်ဇေယျကို ဖမ်းဆီးခဲ့ပါ တယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့အခြေစိုက် ကိုကျော်ဇေယျဟာ အာဏာသိမ်းပြီးနောက်ပိုင်း သူလုပ်ကိုင်ရာ သတင်းဌာန ပိတ်ပင်ခံရတာကြောင့် တိမ်းရှောင်ခဲ့ပေမယ့် လုပ်ဖော်ကိုင်ဖက်ငါးဉီးကတော့ ဖမ်းဆီးခံခဲ့ရကာ နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
Myanmar Press Photo Agency မှ ဓာတ်ပုံသတင်း ထောက် ကိုကောင်းဆက်လင်းနဲ့ ရုပ်သံသတင်း ထောက် မမှူးရတနာခက်မို့မို့ထွန်းကိုလည်း အင်းစိန် ထောင်တွင်းတရားရုံးက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ သတင်းထောက် ၆၃ ဉီး ထိန်း သိမ်းခံထားရပါတယ်။ RSF ရဲ့ မီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာလူဉီးရေအရ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကိုထောင်သွင်းအကျဉ်း ချဆုံး တိုင်းပြည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ၁၈၀ အနက် အဆင့် ၁၇၆ မှာ ရှိနေပါတယ်။
ကိုးကား – RSF
Ref; Three journalists sentenced, another arrested in Myanmar’s endless terror