ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းပေါ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီထောက်ခံသူ ၂၀ ဝန်းကျင်က ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရှုတ်ချကြောင်းဗီနိုင်းစာတန်းတွေကိုင်ကာ ဆန္ဒပြနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
“မနက်ကဂေါက်ကွင်းရှေ့မှာ ပြနေကြတာ။ ပြနေတဲ့လူတွေက ကုလဆုံးဖြတ်ချက်ဆိုတာဘာမှန်းတောင်သိပုံမရပါဘူး။ ငွေရလို့လိုက်လာကြပုံပေါ်တယ်။ ရုပ်တွေမြင်တာနဲ့သိပါတယ်”လို့ မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဆန္ဒပြနေသူတွေရဲ့ အနီးမှာ ရဲတပ်ဖွဲ့ အချို့ လုံခြုံရေးယူပေးထားပြီး ပုသိမ်မြို့က ကြံ့ခိုင်ရေးပါတီ၀င်တွေက ဓါတ်ပုံမှတ်တမ်းများယူနေတာတွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူအချို့က ဆိုပါတယ်။
မနေ့က ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းကလည်း ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်က အမေရိကန်သံရုံးနဲ့ ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိန်သံရုံးတွေရှေ့မှာ စစ်တပ်ထောက်ခံသူအချို့က ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အဆိုနဲ့ အမေရိကန်အစိုးရကို ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
ဓာတ်ပုံ – ပေးပို့
#Ayeyarwaddy_Times