ဆောင်းပါးရှင် – သံလက်သီး
ဒီဇင်ဘာလ ၂၈ ရက်
မြန်မာနိုင်ငံသမိုင်းတလျှောက် ကံအဆိုးဆုံး စစ်အာဏာရှင်ကို ပြပါဆိုလျှင် လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ညှိုးညွန်ပြရမည်ဖြစ်သည်။
မင်းအောင်လှိုင်၏ ကံဆိုးမှုကတော့ “ငါတို့ခေတ်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေရမည်“ဟု ဆုံးဖြတ်ထားသည့် ရဲဝံ့သော ပြည်သူလူထုနှင့် ရင်ဆိုင်ရခြင်း၊ သတ္တိပြောင်သော Generation – Z လူငယ်မျိုးဆက်ကို ရင်ဆိုင်ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ မင်းအောင်လှိုင်မတိုင်မီ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်း၊ ၁၉၈၈ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး စောမောင်က ဦးဆောင်ပြီး အာဏာသိမ်းမှု ၂ ကြိမ်ဖြစ်ခဲ့သည်။ နောက်တော့ ဗိုလ်စောမောင်ကို ဖြုတ်ချပြီး ဗိုလ်သန်းရွှေက ၎င်းတို့အချင်းချင်း ထပ်ဆင့် အာဏာသိမ်းခဲ့သည်။
အာဏာသိမ်းခေါင်းဆောင်များဖြစ်သည့် ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်နှင့် တိုင်းပြည်ကို ဆယ်စုနှစ် ၂ ခု အုပ်ချုပ် ချယ်လှယ်ခဲ့သော ဗိုလ်သန်းရွှေတို့သည် လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ရင်ဆိုင် နေရသော ပြည်သူလူထု၏ပြင်းထန်သည့် နှစ်ရှည်လများဆန့်ကျင်မှုကို မကြုံခဲ့ရပေ။
အာဏာသိမ်းစကာလ ရက်ပိုင်းလပိုင်းမျှသာ ဆန့်ကျင်ဆန္ဒပြမှုများ ကြုံခဲ့ရပြီး စစ်ခေါင်းဆောင်များက ၎င်းတို့ ခါးပိုက်ဆောင်စစ်တပ်ကိုသုံး၍ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းချိန်တွင် လမ်းမထက်က မြေပေါ် ဆန္ဒပြပွဲများ ချုပ်ငြိမ်းသွားခဲ့သည်။
၁၉၈၈ အာဏာသိမ်းမှုနောက်ပိုင်းကို ပြန်ကြည့်လျှင် လမ်းမထက်က သိန်းနှင့်ချီသော ပြည်သူလူထု၏ ဆန့်ကျင် ဆန္ဒပြမှုကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းပြီးနောက် လူထုထောက်ခံသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်င့ရေးခေါင်းဆောင်များကို အပြစ်ရှာဖမ်းဆီးထောင်ချပစ်သည်။
ပြီးလျှင် နိုင်ငံရေးအကျဉ်းသားများကို ဝေးလံခေါင်ဖျားသော ထောင်များဆီပို့ပစ်ပြီး အကျဉ်းထောင်အတွင်း နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်သလို မြို့ပေါ်ကျန်ရစ်ခဲ့သော နိုင်ငံရေးအင်အားစုတွေကိုလည်း အပြင်းအထန် ဖိနှိပ်ခဲ့သည်။ ပြည်သူလူထုကိုလည်း နိုင်ငံရေးမလုပ်ရဲအောင် ဖိနှိပ်ရေးယန္တရားမျိုးစုံသုံးကာ အကြောက် တရားဖြင့် အုပ်ချုပ်ခဲ့သည်။
ဗိုလ်မင်းအောင်လှိုင်သည် ရှေက အာဏာသိမ်းခဲ့သော ၎င်း၏ခေါင်းဆောင်ကြီးများဖြစ်သည့် ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေတို့လမ်းစဉ်အတိုင်းလုပ်လျှင် အဆင်ပြေအောင်မြင်မည်ဟု တွက်ဆပြီး စစ်အာဏာသိမ်းခဲ့ဟန် တူသည်။
သို့ရာတွင် ဒီမိုကရေစီအရသာကို သိရှိပြီးဖြစ်သော ပြည်သူလူထုသည် စစ်တပ်၏လက်နက်အားကိုးဖြင့် တိုင်းပြည် အာဏာ သိမ်းယူမှုကို အပြင်းအထန်ဆန့်ကျင်ခဲ့သည်။ လူပေါင်းသန်းနှင့်ချီ၍ လမ်းမထက်၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကာ ဒီမိုကရေစီရရှိဖို့၊ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ပေးရန် တောင်းဆို ခဲ့ကြသည်။
ဗိုလ်မင်းအောင်လှိုင်ကလည်း ရှေကစစ်အာဏာရှင်ကြီးများ လမ်းစဉ်အတိုင်း ဒီမိုကရေစီတောင်းဆိုသော လမ်းမထက်က သန်းနှင့်ချီသော ပြည်သူလူထုကို ဒီမိုကရေစီအစား ကျည်ဆံများသာ ပေးခဲ့သည်။ အကြမ်းမဖက် ဆန္ဒပြပွဲများကို စစ်မြေပြင်တွင်သုံးသည့် လက်နက်များဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းသည်။
စစ်တပ်က လမ်းမထက်၌ ရက်ရက်စက်စက်သတ်ပြနေသော်လည်း မြန်မာပြည်သူလူထုသည် နောက်တွန့် မသွားဘဲ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြသည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို အကူအညီ တောင်းသည်။ နိုင်ငံတကာက ကာကွယ်မပေးချိန်တွင် စစ်တပ်က လက်နက်အားကိုးဖြင့် အဆိုးရွာဆုံး ကြမ်းပြ၊ ရမ်းပြ၊ သတ်ပြသည်။ “ငါတို့မှာ လက်နက်ရှိသည်၊ ငါတို့အမိန့်မနာခံဘဲ ဆန့်ကျင်ရင် အသေဆိုးနဲ့ သေရမည်” ဆိုသည့်သဘောထားဖြင့် သတ်ဖြတ်ခဲ့သည့်အတွက် ပြည်သူတို့၏အလောင်းများ လမ်းမထက်တွင် ပြန့်ကြဲခဲ့သည်။
အကြမ်းမဖက် ဆန္ဒဖော်ထုတ်မှုကို ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်မှုများ ကြုံတွေ့ခဲ့သည့်နောက် Generation – Z လူငယ်များသည် ဤမျှရက်စက်ကြမ်းကြုတ်သော မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်ကို ဓားဓားချင်း၊ လှံလှံချင်း လက်နက်ဖြင့် တော်လှန်မှသာ ရတော့မည်ဟု ယုံကြည်ခဲ့ကြသည်။
ထို့ကြောင့် ကရင့်အမျိုးသားအစည်းအရုံး – KNU နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ – KIO၊ ချင်းအမျိုးသား တပ်ဦး – CNF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများသို့ သိန်းနှင့်ချီသော Generation – Z လူငယ်တွေ စစ်ပညာသင်ယူကြသည်။ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုတွေ သင်ယူကြသည်။ ထို့နောက် မှာတော့ ၂၀၂၁ ခုနှစ် မေလကစတင်ကာ စစ်ကောင်စီတပ်ကို တူမီးသေနတ်ကဲ့သို့ ရရာလက်နက်ဖြင့် အပြင်းအထန် ခုခံတော်လှန်ကြတော့သည်။
မင်းအောင်လှိုင် ဦးဆောင်သောစစ်တပ်သည် လပိုင်းမျှစစ်ပညာသင်ထားသော Generation – Z လူငယ်များ၏ PDF တပ်များကို အထင်သေးခဲ့သည်။ လူငယ်တွေ သွေးဆူတုန်း ထင်ရာမြင်ရာလုပ်ကြသည်ဟု မြင်ကြသည်။ ၎င်းတို့စစ်တပ်က အထိုက်အလျှောက် သတ်ပြ၊ ချေမှုန်းပြလိုက်လျှင် PDF လူငယ်တွေ ကြောက်ရွံ့နောက်တွန့် သွားမည်ဟု ယူဆခဲ့ကြသည်။
သို့သော် ပြည်သူလူထု၏ထောက်ခံအားပေးမှုနှင့်အတူ ၂၀၂၁ ခုနှစ်၊ မေလကစတင်ခဲ့သော PDF တပ်များ၏ ခုခံတိုက်ခိုက်မှုက စစ်ကောင်စီတပ်တွေကို အကြီးအကျယ် အထိနာစေခဲ့သည်။ စစ်တပ်သည် တောမှာလည်း အုပ်ချုပ်မရသလို မြို့ကိုလည်း ထိမ်းချုပ်မရ ဖြစ်လာခဲ့သည်။
PDF များ အင်အားကောင်းသောဒေသများတွင် ၎င်းတို့ စစ်တပ် အပြင်ထွက်သည်နှင့် နေရာတိုင်းက စစ်မြေပြင်အဖြစ်ကို ရောက်ရှိနေသည်။ စစ်တပ်သည် ပြည်သူလူထု မတော်လှန်ရဲစေရန် ရွာပေါင်း ၄ သောင်းကျော်ကို လုယက်၊ မီးရှို့ ဖျက်ဆီး၊ လူသတ်အကြမ်းဖက်သည့် စစ်ရာဇဝတ်မှုတွေကို ရက်ရက်စက်စက် လုပ်ပြသည်။ သို့သော် စစ်တပ်က ရက်စက်စွာ ဖြိုခွင်းလေ၊ ပြည်သူလူထု၏တော်လှန်မှုက ပိုမိုပြင်းထန်လေ ဖြစ်နေသည်။
စစ်တပ်က ကြည်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်းကနေ PDF တပ်များကို နည်းမျိုးစုံဖြင့် တိုက်ခိုက်သည်။ စစ်လက်နက်ပစ္စည်းများမရောက်ဖို့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့သည်။ PDF တပ်များက လက်နက်ဝယ်လို့ရချိန် ဝယ်ပြီးတိုက်ခိုက်သည်။ လက်နက် မဝယ်နိုင်ချိန်၊ ဝယ်မရချိန်မှာတော့ ကိုယ်တိုင်လက်နက်ထုတ်လုပ် တိုက်ခိုက်သည်။ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတော့ PDF တွေက ဒရုန်းတီထွင်ပြီး စစ်တပ်ကို လေကြောင်းက ပြန်ဗုံးကြဲသည်။
Generation – Z လူငယ်တို့၏ဇွဲ၊ လုံ့လ၊ ဝီရိယ၊ တီထွင်ကြံဆမှု၊ သတ္တိပြောင်မြောက်မှုနှင့် ပြည်သူလူထု၏ ထောက်ခံ အားပေးမှုကြောင့် အချိန်ကြာလာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်ကို ပို၍အထိနာအောင် တိုက်ခိုက်နိုင်လာခဲ့သည်။ အစပိုင်းက စစ်ကောင်စီကို ခံစစ်ဖြင့် ခုခံတိုက်ခိုက်သည့်အနေအထားမှ လက်ရှိ ကာလမှာတော့ စစ်ကောင်စိတပ်စွဲသည့်နေရာ၊ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များ၊ နောက်တန်း တပ်ရင်းများကိုပါ သွားရောက်တိုက်ခိုက်သည့်အထိ တိုးတက်လာခဲ့သည်။
လာမည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျှင် စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ တကယ်က အာဏာသိမ်းမှုဆိုခြင်းထက် အာဏာသိမ်းရန် ကြိုးပမ်းမှုဟုဆိုလျှင် ပိုမှန်မည်ဖြစ်သည်။
မြန်မာ ပြည်သူလူထု၏ အပြင်းအထန် ခုခံဆန့်ကျင်မှုကြောင့် မင်းအောင်လှိုင်၏ အာဏာသိမ်း စစ်အုပ်စုသည် ယခုအချိန်အထိ မြန်မာနိုင်ငံကို မထိမ်းချုပ်နိုင်သေးပေ။ ရှေ့တွင်လည်း ထိမ်းချုပ်နိုင်မည့်အလားအလာ မရှိပေ။ စစ်အာဏာသိမ်းမှုသည် ယခုချိန်အထိ မအောင်မြင်သေးဟု ဆိုရမည်ဖြစ်သည်။
အာဏာသိမ်းဖို့ကြိုးစားသည့် မင်းအောင်လှိုင်၏စစ်အုပ်စုသည် ၂ နှစ်ပါးအကြာတွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေးစသဖြင့် ဘက်ပေါင်းစုံ၌ အခြေအနေများ တဖြည်းဖြည်း ဆိုးရွားယိမ်းယိုင်လာနေသလို ၎င်းလက်အောက်ရှိ ခါးပိုက်ဆောင်စစ်တပ်အတွင်းက ဖရိုဖရဲအခြေအနေတွေကို ထိမ်းသိမ်းဖို့ပင် အပြင်းအထန် ကြိုးစားနေရသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ စစ်အာဏာရှင် မင်းအောင်လှိုင် လက်ရှိရင်ဆိုင် နေရသည့်အခက်အခဲ အကြပ်အတည်းက ၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်တပ်သမိုင်းတလျှောက် အကြီးမားဆုံးနှင့် အဆိုးရွားဆုံး အနေအထား ဖြစ်သည်။
ထို့ကြောင့် “ငါတို့မျိုးဆက်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေရမည်”ဟု ဆုံးဖြတ်ထားသည့် မြန်မာပြည်သူ လူထုနှင့် ရဲဝံ့၍သတ္တိပြောင်သော Generation – Z လူငယ်မျိုးဆက်နှင့် ရင်ဆိုင်နေရသော မင်းအောင်လှိုင်သည် မြန်မာ့သမိုင်းတလျှောက် ကံအဆိုးဆုံး စစ်အာဏာရှင်ဟု စာရေးသူ သတ်မှတ်ခြင်း ဖြစ်သည်။
၎င်း၏အာဏာရူးသွပ်မှု၊ ပြည်သူလူထုကို အထင်သေးမှု၊ လူမဆန်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ တုံးအမှု၊ ရူးသွပ်မိုက်မဲမှုများက မင်းအောင်လှိုင်ကို ကံဆိုးစေခဲ့ခြင်းလည်း ဖြစ်သည်။
#ဆောင်းပါး #မင်းအောင်လှိုင် #ကံအဆိုးဆုံး #စစ်အာဏာရှင် #Ayeyarwaddy_Times