ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာလ ၂၈ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ ရေး- ထားဝယ် ကားလမ်းမပေါ်တွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံမနက် ၅ နာရီခွဲအချိန်ခန့်က ဆိုင်ကယ်စီးအမျိုး သမီးငယ် ၁ ဦးကို စစ်ကောင်စီယာဥ်တန်းက ကားဖြင့်တိုက်ပြီး တက်ကြိတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ယနေ့ မနက်ပိုင်းက ရေး-ထားဝယ်ကားလမ်းမပေါ် ညင်းထွေးကျေးရွာအနီးတွင် ကား ၁၄ စီးပါစစ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မောင်းပြေးချိန်တွင် အဆိုပါအမျိုးသမီးကိုတိုက်မိပြီး တက်ကြိတ်သွားခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးကပြောသည်။

စစ်ကားနှင့်ကြိတ်ခံရ၍ သေဆုံးခဲ့သူမှာ ဇီးကျရွာမှ အသက် ၁၉ နှစ် ဝန်းကျင်အရွယ် မပန်းအိဖြူဝင်း ဆိုသူဖြစ်ပြီး ဇီးကျရွာမှ ညင်းထွေးရွာသို့ ဆိုင်ကယ်ဖြင့်စျေးရောင်းနေသူဖြစ်ကာမှ စစ်ကားမှ ၄င်းအားဝင် တိုက်ပြီးနောက် နင်းကြိတ်သွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

” မပန်းအိဖြူဝင်းမှာက အမေရောအဖေရောမရှိတော့ပါဘူး။သူ့အဒေါ်ရဲ့အိမ်မှာနေတာပါ။သူက ဇီးကျရွာကနေပြီး ညင်းထွေးရွာကို ငါးပိ ရောင်းရန်အသွားမှာဖြစ်သွားတာပေါ့။အခုဖြစ်တာက လည်း သူ့အဒေါ် ရဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာဖြစ်သွားတာပါ။ကောင်မလေးကပွဲချင်းပြီးဆုံးသွားပါတယ်။ အလောင်းကလည်း အကြိတ်ခံရတာ ခေါင်းတွေကြေမွသွားတယ်။အခြေ အနေက အရမ်းဆိုးပါတယ်။အရမ်းအနေအေးပြီး သူ့ဟာသူ စျေးအရောင်းအဝယ်လေး လုပ်စားနေတဲ့ ကောင်မလေးပဲ့” ဟု ဇီးကျရွာဒေသခံရွာသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

သေဆုံးသူ မပန်းအိဖြူဝင်းရဲ့ အလောင်းကိုတော့ ဒေ သအခြေစိုက် လူမှုကူညီရေးအသင်းကားနဲ့တင် ဆောင်သွားပြီး ယနေ့ မနက်ပိုင်းမှာ သဂြိုဟ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

မိုင်းဆွဲခံရသည့် စစ်ကောင်တပ်သားများမှာ အဆိုပါ နေရာအနီးသို့ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဇီးကျရွာကိုလည်း တစ်ရွာလုံး ပြာပုံ ဖြစ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ဒေသခံရွာသားတစ်ဦးက ပြောပါသည်။

အဆိုပါမိုင်းဆွဲခံရမှုအတွင်း ယာဥ်ပေါ်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များရှိနိုင်ကြောင်း ဒေသခံများ ကပြောသည်။

#Ayeyarwaddy_Times