ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၈ ရက်

ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အများစုတွင် မီးပုံမှန်မလာပေမယ့် NLD အစိုးရလက်ထက်က ကင်းလွတ်ခွင့်ပေးထားတဲ့ မီတာခများကိုပါ ပြန်လည်တောင်းခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ EPC ရုံးက NLD အစိုးရလက်ထက်က ကိုဗစ်ကာလမှာ ကင်းလွတ်ခွင့်ပေးထားတဲ့ မီတာခတွေကို ပြန်လည်တောင်းခံနေတာလို့ မြောင်းမြမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်

“ကျွန်မတို့က တစ်လကိုမီတာခက တစ်ထောင်ကျော်လောက်ပဲ ကျသင့်တာကို အခုက ၁၈၀၀၀ ကျော်ပေးနေရတာ ၂လရှိပြီ။ နောက်ထပ် ၄ လလောက် ထပ်ပေးရမယ်လို့ ပြောတယ်။ တစ်လကို ဒီလောက်ပေးရတော့ စားဝတ်နေရေးကြပ်တည်းရတဲ့အထဲ သူတို့က အေးဓါးမြတိုက်သလို ဖြစ်နေတာ”လို့ မြောင်းမြမြို့နယ်ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီက လက်ရှိမှာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပေးနေတာဖြစ်ပြီး မီတာခကြွေးကျန်မပေးပါက မီတာဖြုတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုများရှိနေတယ်လို့ ဇလွန်မြို့နယ်က ဒေသခံတစ်ဦးက ဆိုပါတယ်။

“ကျွန်တော်တို့က အများနည်းတူ မီတာခတွေ ပြန်ဆောင်ကြတော့ ပြန်ပေးနေပါတယ်။ သူတို့က မီးကျတော့ပုံမှန်မပေးပဲ အကြွေးပဲအတင်းတောင်းနေကြတယ်။ မီးက မလာတော့ စက်ဝယ်ပြီး ရေတင်နေရတယ်။ မီးစက်ကလည်း ဆီဈေးက မသက်သာတော့ ပိုဆိုးတာပေါ့။ အခုကျတော့ အရင်ကြွေးကျန်တွေ မပေးရင် ဒီလထဲ မီးကိုဆက်မပေးတော့ဘူးဆိုပြီး ခြိမ်းခြောက်တောင်းနေတယ်”လို့ ဇလွန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းကိုပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လျှပ်စစ်မီးအလှည့်ကျစနစ်နဲ့သာဖြန့်ဝေနေတဲ့အပြင် စက်သုံးဆီစျေးနှုန်းများပါ မြင့်တက်နေတာကြောင့် ဧရာဝတီတိုင်းအတွင်းက အသေးစားစက်မှုလုပ်ငန်းအချို့ ရပ်နားထားရကာ လျှပ်စစ်မီးကို မှီခိုကာ အလုပ်လုပ်ကိုင်နေရသူအချို့မှာလည်း အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ဧရာဝတီ #လျှပ်စစ်မီး #ကင်းလွတ်ခွင့် #မီတာခ #တောင်းခံ
#Ayeyarwaddy_Times