ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၂၈ ရက်
လာမယ့် ၂၀၂၃ ခုနှစ်ဟာ အာဏာသိမ်းပြီး ပြည်သူတွေအပေါ် အကြမ်းဖက်နေတဲ့ စစ်ကောင်စီရဲ့ ပင်မ အရင်းကို တူးဖြိုပစ်ရမယ့်နှစ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ ယာယီသမ္မတ ဒူဝါ လရှီးလက ပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာလ ၂၇ ရက်နေ့ကပြုလုပ်တဲ့ NUG အစိုးရရဲ့ အကြိမ် ၈၀ မြောက် အစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေးမှာ ယာယီသမ္မတက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီရဲ့ပင်မ အရင်းကို တူးဖြိုပစ်ရမယ့်အချိန်ကို ရောက်ပြီလို့ ယုံကြည်တယ်”လို့ ယာယီသမ္မတ ဒူဝါလရှီးလက NUG အစည်းအဝေးမှာ ပြောဆိုပါတယ်။
ထို့ပြင် တောင်တန်းဒေသနဲ့ အညာဒေသရဲ့ခုခံတော်လှန်စစ်မှာ ထင်မှတ်မထားလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိသည်ကို တွေ့ရကြောင်း၊ ခုခံတော်လှန်မှုမှာ အရင်းအနှီးကြီးမားပြီး လူထုက သွေးချွေးနှင့် ရင်းထားသော တပြားတချပ်ကအစ တန်ဖိုးကြီးမားကြောင်း၊ တော်လှန်ရေးအတွက် အသက်ပေးသွားသော လူငယ် အာဇာနည်များ မနည်းတော့ကြောင်းနဲ့ တော်လှန်ရေးမှာ တိုက်ပွဲဝင်နေသောလူငယ်များကို မိမိရင်သွေးလို တန်ဖိုးထားကြဖို့ ယာယီသမ္မတက တိုက်တွန်းပြောဆိုခဲ့ပါတယ်။