ဧရာဝတီတိုင်းမ်
(မုံးကိုး)၊ ဒီဇင်ဘာ ၂၈ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နယ်စပ်ဒေသ၊ မုံးကိုးမြို့၊ လိုင်ရင်တွင်ရှိသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA)၏ ခံတပ်စခန်းအား စစ်ကောင်စီတပ်မှ Su-30 အမျိုးအစား တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MNDAA၏ The Kokangမှ ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၆ ရက် မနက် ၁ နာရီကျော်ဝန်းကျင်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးသီး (၁၀)လုံး (နှစ်ကြိမ်) ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး MNDAA ကိုးကန့်တပ်ဖွဲ့၏ ရဲဘော်တစ်ဦး ကျဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလအတွင်း ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး (၅၀)ကျော်နှင့် ဒီဇင်ဘာလ ၂၁ ရက်၊ ၂၃ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် မုံးကိုးဒေသ တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ (၂၀)ကျော် ထပ်မံ သေဆုံးခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ လေကြောင်းအသုံးပြု၍ လာရောက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ အာဏာသိမ်းစစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ်မှုများ အရှိန်အဟုန် မြှင့်လုပ်ဆောင်ခဲ့ပြီး အရပ်သားနေအိမ်၊ စာသင်ကျောင်းနှင့် မြို့ပြအဆောက်အဦများ ပစ်မှတ်ထားကာ ဦးတည်တိုက်ခိုက်ခြင်းသည် မြန်မာနိုင်ငံတစ်ဝိုင်းလုံး သို့မဟုတ် မြောက်ပိုင်းဒေသအတွင်း စစ်မက် ပဋိပက္ခများအား ပိုမိုပြင်းထန်စေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း The Kokang သတင်းဌာနက ရေးသားထုတ်ပြန်ထားသည်။

ဓာတ်ပုံ – The Kokang
#မုံးကိုး #MNDAA #စစ်ကောင်စီ #တိုက်လေယာဥ် #ကျဆုံး #ဒဏ်ရာရ
#Ayeyarwaddy_Times