ဧရာဝတီတိုင်းမ်
(ရွှေတောင်)၊ ဒီဇင်ဘာလ ၂၈ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ရွှေတောင်မြို့နယ်၊ ပွဲသာရွာထိပ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ယမန်နေ့ဒီဇင်ဘာလ ၂၇ ရက် မနက် ၉ နာရီဝန်းကျင်တွင် ပြည်ခရိုင် PDF တပ်ရင်း၃၆၀၁၊ တပ်ခွဲ ၅(နွေဦးအဖွဲ့)မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပွဲသာရွာထိပ်တွင် စစ်ဆေးရေးဂိတ်ဖွင့်၍ ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးအထက်ရှိ စစ်ဆေးရေးဂိတ်အားမိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စစ်ကောင်စီတပ်ကနေ ရွာထိပ်ကားလမ်းဘေးမှာ ပြည်သူတွေဆီကနေ ငွေကြေးကောက်ခံဖို့ဖွင့်ထားတဲ့ ဂိတ်ပါ။ ဆိုင်ကယ်တွေဆီကနေ အကြောင်းအမျိုးမျိုးပြပြီးငွေကောက်တယ်။ အင်အားကတော့ ၁၀ ယောက်ဝန်းကျင်ရှိတယ်။ မိုင်းဆွဲတိုက်တော့ တစ်ဦးသေတယ်”ဟု ပဲခူးတိုင်းPDFပြန်ကြားရေးတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါစစ်ဆေးရေးဂိတ်သည် ပြည်သူများထံမှ ခြိမ်းခြောက်ငွေကောက်ခံခြင်း၊ ဆိုင်ကယ်များထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကောက်ံခံခြင်း၊ ငွေမပေးပါကထောင်ချမည်ဟု ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများပြုလုပ်နေသည်ဟု Bago Region PDF ကဆိုသည်။
ထို့အပြင် အဆိုပါဂိတ်ရှိတပ်သားများမှ တိုက်ခိုက်မှုခံရအပြီးတွင်သေဆုံးသွားသည့်တပ်သား၏ ရုပ်အလောင်းအားအချိန်အတော်ကြာသည်အထိ လာရောက်ကောက်ယူခြင်းမရှိပဲ ပတ်ဝန်းကျင်သို့ သေနတ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
တပ်ရင်း ၃၆၀၁၊ တပ်ရင်း၅(နွေဦးအဖွဲ့)သည် နိုဝင်ဘာလ ၅ ရက်ကလည်း စစ်ကောင်စီထောက်တိုင်တစ်ဦးဖြစ်သည့် ရွှေတောင်မြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ဖားယားကြီးရွာ အုပ်ချုပ်ရေးမှူးဆောင်းတင်အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။