ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၈ ရက်
မန္တလေးမြို့ရှိ နာမည်ကြီးပုဂ္ဂလိကဆေးရုံ ၅ ခုကို စစ်ကောင်စီမှပိတ်သိမ်းရန်ညွှန်ကြားထားကြောင်းဆေးရုံ နှင့်နီးစပ်သူ သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
ပုဂ္ဂလိကဆေးရုံများဖြစ်သည့် နန်းတော်၊ မြို့တော်၊ ကံ့ကော်၊ ထက်နေလင်းနှင့် စိန်ပန်းဆေးရုံ ၅ ခုကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းရန် စစ်ကောင်စီမှ ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
“ခုဆေးရုံကလူနာတွေကို တခြားကိုပြောင်းရွှေ့နေရတယ် ။ လူနာတွေလည်း ထပ်လက်မခံတော့ဘူး။ ဘယ်အချိန်ထိဆိုတာလည်း မသိရသေးဘူး။ အကြောင်းရင်း တော့သေချာမသိရဘူး။ အဲ့ဒီလိုညွှန်ကြားလာတယ်ဆိုပြီးပဲ သိရတာ”ဟု ဆေးရုံနှင့်နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုဆေးရုံ ၅ ခုကို ပိတ်သိမ်းခိုင်းသည့် အကြောင်း ရင်းနှု့်ပတ်သက်၍ ဒီဇင်ဘာ ၂၅ ရက်နေ့က မန္တလေးဆေးတက္ကသိုလ်၏ CDM ပါမောက္ခ ဒေါက်တာ ၀ငျးခိုငျကို နန်းတော်ပုဂ္ဂလိကဆေးရုံတွင် ဖမ်းဆီးရမိမှုနှင့်ပတ်သက်ကြောင်း သတင်းများထွက်ပေါ်နေသည်။
ဆေးရုံများပိတ်သိမ်းရန်ညွှန်ကြားမှူနှင့်ပတ်သက်ပြီး တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက “ဆေးရုံတွေကို ပိတ်ဖို့ စာထုတ်တယ်ဆိုတာ ဟုတ်ပါတယ်။ အရင်ကတည်းကလည်း CDM လုပ်ထားတဲ့ ဆရာ၀န်တွေ ထိုင်တဲ့ ပုဂ္ဂလိက ဘယ်ဆေးခန်း ဆေးရုံမဆို ချိပ်ပိတ်တာနဲ့ ပိတ်သိမ်းတာမျိုး လုပ်ဆောင်မယ်လို့ကြေညာထားတာရှိတယ်”ဟု အတည်ပြုပြောဆိုသည်။
စစ်ကောင်စီသည် ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများ CDMပြုလုပ်မှုများနှင့်ပတ်သက်၍ CDM ကျန်းမာရေးနှင့်ပညာရေး ဝန်ထမ်းများကို ဖမ်းဆီးမှုများပြုလုပ်နေသည့်အပြင် အဆိုပါ CDM ကျန်းမာရေးဝန်ထမ်းများကို ဆေး ကုသခွင့်ပြုခဲ့သည့် ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများကိုပါပိတ်သိမ်းခိုင်းသည်အထိလုပ်ဆောင်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဇွန်လအတွင်းကလည်း နေပြည်တော်ကောင်စီနယ်မြေအတွင်းက CDM ပြုလုပ်ထားသည့် ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်း ၁၆ ကျောင်းကို စစ်ကောင်စီက ဖွင့်လှစ်ခွင့်ပိတ်သိမ်းခဲ့ကြောင်းသိရသည်။.
#မန္တလေး #ပုဂ္ဂလိကဆေးရုံ ၅ ခု #ပိတ်သိမ်းရန် #စစ်ကောင်စီ #ညွှန်ကြား #Ayeyarwaddy_Times