ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၈ ရက်
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ၊ ကော့ကရိတ်မြို့နယ်၊ ရွှေကြက်မင်းဘုရားကုန်းအနီး စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီ ခမရ ၁၀၄ တပ်ရင်းစစ်ကြောင်းနှင့် ကရင့်တော်လှန်ရေးပူးပေါင်းအဖွဲ့များ အကြား ဒီဇင်ဘာလ ၂၇ ရက် ယမန်နေ့ နေ့လည်ပိုင်းတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းမြေပြင်သ တင်းရင်းမြစ်များ ထံကသိရသည်။
အဆိုပါစစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များဘက်မှ စနိုက်ဘာအပါအဝင် လက်နက်ကြီး၊လက်နက်ငယ် များဖြင့်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၅ ခန့်သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့သည့် အပြင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကူလာရောက်ပူးပေါင်းသည့် စစ်ကြောင်းကို ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုများပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိထားကြောင်း မြေပြင်တော်လှန် ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
” ရွှေကြက်မင်းကုန်းကို ကျူးကျော်ဝင်ရောက်လာတဲ့ တပ်မ ၄၄ တပ်ကို ကျနော်တို့အဖွဲ့တွေက စောင့်ပြီးတိုက် တာ။ စနိုက်ဘာ၊ အာပီဂျီ လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ လက်ဦးမှုရယူပစ်ခတ်နိုင်တော့ ဒီကောင်တွေ သေတာမနည်းဘူး။ တပ်မ ၄၄ စစ်ကြောင်းပိတ်မိနေလို့ စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်းထပ်တိုက်တာမှာ အဲ့ဒီတပ်လည်းထပ်ထိတာရှိတယ်။ ကော့ကရိတ် ခလရ ၉၇ ကလည်း လက်နက်ကြီးတွေနဲ့ပစ်တယ်။ ဒီကောင်တွေအထိ နာတော့ ရဟတ်ယာဉ်နဲ့လည်းလာပစ်တယ်။ လတ်တ လောတော့ သေတဲ့ကောင်တွေထဲကသူတို့ကိုင်တဲ့ သေ နတ် ၇ လက်ရထားတယ်။ အသေးစိတ်ကတော့ တာဝန်ရှိသူတွေထုတ်ပြန်ပါလိမ့်မယ်” ဟု KNLA တပ်မဟာ ၆ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲအတွင်း တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၀၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးခဲ့ပြီး စစ်ကူလာရောက်တဲ့ ကော့ကရိတ် ခလရ ၉၇ တပ်စစ်ကြောင်းမှ ဗိုလ်မှူး ဇေယျာဖြိုးအပါအဝင် ၈ ဦးခန့် ဒဏ်ရာ ပြင်းထန်ရရှိထားကြောင်း ကော့ကရိတ်တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုအတည်ပြုသည်။
”မနေ့က ကျတာ ၂၀ နားကပ်တယ်။ မိကသိမ်ဘုရားကုန်းမှာ ၅ ယောက်၊ ရွှေကြက်မင်းဘုရားကုန်းတိုက်ပွဲက အများဆုံးဘဲ ၁၅ ယောက်လောက်ရှိတယ်လို့သိရတယ်။ အဲ့ဒီရွှေကြက်မင်းကုန်းကို စစ်ကူသွားတဲ့ ခလရ ၉၇ က ဗိုလ်မှူး ဇေယျာဖြိုး သေနတ်မှန်ထားတယ်။ သူလည်းသိပ်အခြေအနေမကောင်းဘူး သေဖို့များတယ် သူအပါ ၈ ယောက်လောက် ဒဏ်ရာရထားတယ်” ဟု ကော့ကရိတ်တပ်သတင်းရင်းမြစ်ကဆိုသည်။
ယမန်နေ့မနက်ပိုင်းက မိကသိမ်ဘုရားကုန်းအနီးတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်၏ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၅ တပ်နှင့် တပ်မ ၄၄ လက်အောက်ခံ ခမရ ၉ ပူးပေါင်းစစ်ကြောင်းကို ကရင့်တော်လှန်ပူးပေါင်းအဖွဲ့များမှ တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ခမရ ၂၁၅ မှ ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် ၂၀ ဦးခန့်ဒဏ်ရာရရှိခဲ့ရာ ယမန်နေ့တရက်တည်း တွင်ကော့ကရိတ်တိုက်ပွဲ များအတွင်း စစ်ကောင်စီဘက်မှ ၂၀ ခန့်သေဆုံးပြီး ဗိုလ်မှူး ၁ ဦး ၊ဗိုလ် ၁ ဦးအပါအဝင် ၃၀ နီးပါးဒဏ်ရာ ရရှိခဲ့ ကြောင်းသိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုတချို့ရှိကြောင်းသိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကရင်တော်လှန်ရေးအဖွဲ့များနှင့်PDF ပူးပေါင်းစစ်ကြောင်းများမှ တိုက်ပွဲအခြေအနေအား သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။
ကော့ကရိတ်-မြဝတီအကြား အာရှလမ်းမကြီးနှင့် ဒေါနတောင်ကြောတလျှောက်တိုက်ပွဲများနေ့စဉ်ဖြစ်ပွား နေ သည်မှာ ၁၀ ရက်ကျော်အကြာရှိလာခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှထိခိုက်သေဆုံးမှု များပြားလျက်ရှိ ကြောင်းသိရသည်။
ဓာတ်ပုံ-FEDERAL WINGS
#ကော့ကရိတ် #တိုက်ပွဲသတင်း #စစ်ကောင်စီတပ် #ထိခိုက်သေဆုံးများ #ခမရ ၁၀၄ #ခမရ ၂၁၅ #ခမရ ၉ #Ayeyarwaddy_Times