ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၂၈ ရက်
စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိတဲ့အခါ ခွဲစိတ်ကုသပေးနိုင်ဖို့အတွက် ဒေါ်လာ ၆၀၀၀၀ ကျော်ကုန်ကျမယ့် ခွဲစိတ်ခန်းတည်ဆောက်နိုင်ဖို့ ထောက်ပို့အဖွဲ့က အလှူခံထားတာ တွေ့ရပါတယ်။
CDM ဆရာဝန်တွေ ဦးဆောင်ဖွဲ့ထားတဲ့ ထောက်ပို့အဖွဲ့က ခုအစီစဉ်ကို ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး Mobile OT Project အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်သူတွေကို ပါဝင်လှူဒါန်းဖို့အတွက် တိုက်တွန်းထားတယ်လို့ သိရပါတယ်။
ဒီပရောဂျက်အသေးစိတ်ကတေ့ာ ပြည်မမှာဆို ဆေးရုံတွေက အတည်တကျရှိတယ်၊ အဲ့နေရာတွေကို ပို့ပေးပြီးတော့ ခွဲစိတ်တယ် တော်လှန်ရေးနယ်မြေတွေမှာဆို အဲ့လိုမျိုးမရှိဘူး အဲ့နေရာတွေက စစ်ကောင်စီရဲ့ ပစ်မှတ်လည်းဖြစ်နေတယ် အဲ့တာကြောင့် ရွှေ့လျားခွဲစိတ်ခန်းတွေ လုပ်ပြီး ရှေ့တန်းတဲ့နီးတဲ့နေရာတွေအထိ သွားရောက်ပြီး ဒဏ်ရာရတဲ့ ရဲဘော်တွေကို ခွဲစိတ်ပေးမယ့်ပုံစံမျိုးပါ လို့ Htout Phoet – ထောက်ပို့ Fundrasing အဖွဲ့ တည်ထောင်သူ BO DR မှ ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
Mobile OT Project သည် တိုက်ပွဲဝင်တော်လှန်ရေးရဲဘော်များအတွက် ထိရောက်မှုအများဆုံးပေးနိုင်မှာဖြစ်သလို အရေးပေါ်ထိခိုက်မှုများကြောင့် အသက်ဆုံးရှုံးရမည့်အခြေအနေတွေမှလည်း ကူညီ ကယ်ဆယ်ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
Mobile OT Project ဟာ ခန့်မှန် ဒေါ်လာ ၆၀၀၀၀ ကုန်ကျမှာဖြစ်ပြီး ပြည်သူတွေ ပါဝင်လှူဒါန်းနိုင်ဖို့အတွက် ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ထိ ရက်ပေါင်း ၂၀ ကြာ အလှူငွေ ကောက်ခံပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။