ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၇ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် စစ်အာဏာမှုကိုဆန့်ကျင်မှုဖြင့် ဖမ်းဆီးခံထားရတဲ့ ကြံခင်းမြို့မှ ရဲတပ်ကြပ်တာရာလင်းနဲ့ ရဲတပ်သားသူရိန်လင်းတို့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ပုသိမ်အကျဥ်းထောင်ကနေ မအူပင်အကျဥ်းထောင်ကို ရွေ့ပြောင်းလိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
” ၁၉ ရက်နေ့ မနက် ၃နာရီလောက်ကြီး ရဲညီအစ်ကိုကို ရုတ်တရက်ခေါ်ထုတ်သွားတာ။ နံပါတ်တုတ်တွေနဲ့ မနေ့ကမှမအူပင်ထောင်ကို ပြောင်းလိုက်မှန်းသိတယ်”လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ပုသိမ်အကျဥ်းထောင်ညွှန်ကြားရေးမှူး ဇော်စစ်အောင်ဆိုသူက ကိုသူရိန်လင်းကိုအရက်မှူးပြီး နာရီ၀က်ကြာအောင် ရိုက်နှက်ကန်ကျောက်ခဲ့တာကြောင့် ထောင်ဆေးရုံမှာတက်ရောက်ကုသခဲ့ရပြီး ဒီဇင်ဘာ၉ရက်နေ့မှာ အမှုဆင်ကာ ထောင်၆လ ထပ်တိုးချမှတ်ခဲ့ပြီး လက်ရှိမှာတော့ ညီအစ်ကို ၂ ဦးစလုံးကို မအူပင်ထောင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့မှာတာ၀န်ထမ်းဆောင်နေတဲ့ညီအစ်ကို၂ဦးဖြစ်တဲ့ရဲတပ်သားသူရိန်လင်းနဲ့ရဲတပ်ကြပ် တာရာလင်းဟာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်မှုဖြင့် ဖမ်းဆီးခြင်းခံခဲ့ရပြီး ရဲကျင့်ဝတ် ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံခဲ့ရပြီးပုသိမ်ထောင်ကိုပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထောင်တွင်းဆန္ဒပြမှုဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရပြီး လက်ရှိမှာ ထောင်ညွန်မှူးက အမှုဆင်ကာ ကိုသူရိန်လင်းကိုထောင်ဒဏ် ခြောက်လ ထပ်မံချမှတ်ခံခဲ့ရတာလို့ မိသားစုအသိုင်းအ၀န်းကနေသိရပါတယ်။
#ပုသိမ်ထောင် #ကြံခင်း #ရဲ #ညီအကို #မအူပင် #ပြောင်းရွေ့
#Ayeyarwaddy_Times