ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၇ ရက်

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ၊ ကော့ကရိတ်မြို့နယ် မိကသိမ်ဘုရားကုန်းအနီး ယနေ့ ဒီဇင်ဘာလ၂၇ ရက်မနက် ၉ နာရီဝန်းကျင်ကစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြားတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်၏ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၅ တပ်နှင့် တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းတစ်ခုတို့ ပူးပေါင်းစစ်ကြောင်းအား ကရင်တော်လှန်ရေးအဖွဲ့များဘက်မှ အချိန် ၁ နာရီကျော်အကြာ ဒရုန်းဗုံးအလုံး ၄၀ ခန့် ကြဲချတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ထိခိုက် သေဆုံးဒဏ်ရာရမှု များ ပြားခဲ့ကြောင်းသိရသည်။

”ဒီမနက် ၉ နာရီလောက်ကစပြီး မိကသိမ်ဘုရားကုန်းနားတဝိုက်ကိုပတ်ဝင်ပြီး စစ်ကြောင်းထိုးလာတဲ့ ၂၁၅ တပ်နဲ့ တပ်မ ၄၄ ကတပ်ရင်းတစ်ခုပူးပေါင်းစစ်ကြောင်းကို ဒရုန်း ၃ စီးနဲ့ ဒရုန်းဗုံး အလုံး ၄၀ နီးပါးကြဲချပြီး ၄၀ မမ တွေနဲ့ ပစ်တာ ။ ဒီကောင်တွေ ထိခိုက်သေဆုံးများတယ်” ဟု KNLA တပ်မဟာ ၆ သတင်းရင်းမြစ်တစ်ဦးက ဧရာ ဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခမရ ၂၁၅ နှင့် ခမရ ၉ ပူးပေါင်းစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး ခမရ ၂၁၅ မှ စစ်တက္ကသိုလ်(DSA) ၆၁ ဆင်း ဗိုလ် ၁ ဦး အပါအဝင် ၂၀ ဦးခန့်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းကော့ကရိတ်တပ်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

”မနက်က တိုက်ပွဲမှာ ၅ ယောက်ကျတယ်။ ၂၁၅ က အရာ ရှိ ၁ ယောက်အပါ ၂၀ နီးပါး ဒဏ်ရာရတယ်။ဒဏ်ရာပြင်း တဲ့တချို့ကို ကော့ကရိတ်ဆေးတပ်ကိုပြန်ခေါ်ကုနေတယ်လို့သိရတယ်။ တိုက်ပွဲကတော့ နေ့တိုင်းနီးပါးကို ဖြစ်နေတာ” ဟု ၎င်းကပြောသည်။

တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ကရင်တော် လှန်ရေးအဖွဲ့များနှင့်PDF ပူးပေါင်းစစ်ကြောင်းများဘက်မှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါ။

ကော့ကရိတ်နှင့်မြဝတီကြား အာရှလမ်းမကြီးတလျှောက်တွင် တိုက်ပွဲများနေ့စဥ်နီးပါးပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးများပြားလျက်ရှိသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ကော့နွဲ့ရွာတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ် ခမရ ၂၁၅ မှ ဗိုလ်ကြီး အောင်သူဝင်း အပါ အဝင် ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး တချို့မှာသေဆုံးနိုင်ဖွယ်ရှိကြောင်း တပ်သတင်းရင်းမြစ်များထံကသိရသည်။

#ကော့ကရိတ် #တိုက်ပွဲသတင်း #KNLA #PDF #စစ်ကောင်စီတပ် #သေဆုံးမှု #AyeyarwaddyTimes