ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဒိဇင်ဘာလ ၂၇ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့တွင် ယနေ့ ဒီဇင်ဘာလ ၂၇ ရက် မနက် ၁၀ နာရီခွဲအချိန်က ဆိုင်ကယ်စီးပြည်သူများအား ဖမ်းဆီးငွေတောင်းပြီး ပြန်လာသည့် ရဲကား ၂ စီးအား သာယာဝတီဂဠုန်တပ်ဖွဲ့မှ အဝေးထိန်းမိုင်းဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင်းရှိ ဖိုးခေါင်ရွာဝန်းကျင်မှ ဆိုင်ကယ်စီးပြည်သူများထံမှ မတရာငွေကြေးကောက်ခံပြီးပြန်လာသည့် ရဲကား ၂ စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထိမှန်ပျက်စီးခဲ့သော်လည်း ရဲများထိခိုက်ဒဏ်ရာရမှုအား အတည်မပြုနိုင်ကြောင်း သာယာဝတီ(ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဖိုးကောင်ရွာဘက်မှာ ဆိုင်ကယ်ဆက်ကြေးတွေကောက်ပြီးပြန်လာတာ။ ရဲကား ၂ စီးကိုဦးတည်ပြီး မိုင်းဆွဲတိုက်ခိုက်တာ။ ပထမ တစ်စီးကလွတ်သွားတယ်။ ဒုတိယကားပဲထိတာ။ ကားနောက်ခန်းမှာ ရဲ ၄ ဦးပါတယ်။ ကားကတော့မိုင်းထိတော့ပျက်သွားတယ်။ ရဲတပ်သားထိခိုက်မှုကဝော့ာမသိရဘူး။ ထိခိုက်ရင်တောင်နည်းနည်းပါးပါးလောက်ဘဲဖြစ်မှာ” ဟု သာယာဝတီ(ပကဖ)မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီလက်အောက်ခံရဲများမှာ သာယာဝတီမြို့နယ်အတွင်း ဂိတ်ချ၍ ပြည်သူများထံမှ ပြစ်ချက်အမျိုးမျိုးဖြင့် ငွေကြေးကောက်ခံခြင်းများပြုလုပ်နေသည့်အတွက် နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် သာယာဝတီဂဋ္ဌုန်တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သာယာဝတီဂဠုန်တပ်ဖွဲ့သည် ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ကင်းလှည့်၍ပြန်လာသည့် စစ်ကောင်စီတပ်သားများပါဝင်သည့်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြားဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
#သာယာဝတီ #သုံးဆယ် #ဆိုင်ကယ် #ဖမ်းဆီး #ရဲ #မိုင်းဆွဲတိုက်ခိုက်ခံရ
#Ayeyarwaddy_Times