ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၇ ရက်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံနယ် ပျူစောထီးများကြီးစိုးထားသည့် ဆုံရွာကို ယနေ့ ဒီဇင်ဘာလ ၂၇ ရက် မနက် ၁ နာရီခွဲအချိန်ခန့်က ဒေသတော်လှန်ရေးအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဆီမီးခုံနှင့် နွားဘူးအိုင်ရွာကြားရှိ ပျူစောထီးရွာဖြစ်သည့် ဆုံရွာကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းတို့ကို စစ်ကူပေးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကားများကို ပင် လယ်ရွာနှင့်ကန်နီရွာကြားတွင် မိုင်းခွဲဟန့်တားနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ ပြောပြချက်အရ သိရှိရသည်။
“ညက ၁ နာရီကျော်လောက်မှာ ပျူတွေရှိတဲ့ရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်တိုက်ခိုက်တာ။ ပျူတွေသေတယ်၊အတိအကျတော့ မသိဘူး။ ပျူတွေကို စစ်ကူပေးဖို့ နွားဘူးအိုင်ရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်ကို လမ်းခုလတ်မှာတင် မိုင်းခွဲလိုက်တယ်ထင်တယ်။ မြို့အနီးမှာပဲ ပေါက်ကွဲသံတွေဆက် တိုက်ကြားရတယ်။ ဆက်မလာဘဲ သေနတ်တွေပစ်ဖောက်ပြီး ပြန်လှည့်သွားတယ်။ မဟုတ်ရင် ရွာကိုမီးရှို့မှာ”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ “ဖြစ်စဥ်ကဟုတ်ပါတယ်။ ထိခိုက်သေဆုံးမှုကိုတော့ မပြောနိုင်သေးဘူး။ တပ်ဖွဲ့တွေကထုတ်ပြန်ပါလိမ့်မယ်”ဟု ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောဆိုသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ဆုံရွာကို ယနေ့ နံနက် ၇ နာရီအချိန်မှစ၍ ကျေးရွာအတွင်းရှိ ပြည်သူများကို အပြင်မထွက်ခိုင်းဘဲ ရွာအတွင်းသို့လည်း ဝင်ရောက်ခြင်းမပြုရန်အမိန့်ထုတ်ထားပြီး စစ်ကား ၃ စီးဖြင့် စစ်ဆေးစောင့်ကြပ်လျက်ရှိကြောင်း ဒေသခံများမှ ပြောသည်။
အဆိုပါတိုက်ခိုက်မှုများအား ဒေသတော်လှန်ရေးတပ်ဖွဲ့များဘက်တစ်စုံတရာထုတ်ပြန်ခြင်းမရှိသေးပါ။