နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဒီဇင်ဘာလ ၂၇ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညပိုင်းက ဓါတ်ပုံဆရာတစ်ဦးနဲ့ ဒေသခံပြည်သူ တစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံဆရာ ကိုသူရိန်ဝင်း(ခ) ကိုရဲနဲ့ နောက်ထပ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး စွပ်စွဲကာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ နှစ်ယောက်စလုံးက ဘာနိုင်ငံရေးမှ မလုပ်ဘူးဗျ အဲ့တာကို အဆက်သွယ်ရှိတယ်ဆိုပြီး လာဖမ်းသွားတာ နိုင်ငံရေးနဲ့ပတ်သက်တာလည်း မရှိတဲ့သူတွေ သူတို့စီးပွားရေး သူတို့လုပ်နေတာ ငွေညှစ်ဖို့ဖမ်းတာနေမယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မအူပင်မြို့မှာ စစ်ကောင်စီတပ်သားတွေက သတင်းပေးဒလန်တွေ ပြောတဲ့အတိုင်း ဒေသခံပြည်သူတွေကို ဖမ်းဆီးလေ့ရှိပြီး ငွေညှစ်တောင်းယူတာတွေပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
သတင်းပေးဒလန်တွေကြောင့် ဖမ်းဆီးခံရပြီး ပိုက်ဆံမပေးနိုင်တဲ့ ပြည်သူတွေကိုတော့ ရဲနဲ့ပေါင်းကာ ပုဒ်မ အမျိုးမျိုးတပ်ပြီး တရားစွဲထောင်ချလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။