ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းက ပုသိမ် – ချောင်းသာကားလမ်းပေါ် ကားနဲ့ ဆိုင်ကယ်တိုက်ခဲ့မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုသိမ် – ချောင်းသာ ကားလမ်းအတိုင်း မောင်းနှင်လာတဲ့ ကားနဲ့ ဆိုင်ကယ်ဟာ ကြောင်ပန်းကုန်းကျေးရွာနားမှာ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာကြောင့် ဆိုင်ကယ်မောင်းလာသူ အမျိုးသားတစ်ဦးသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ ဆိုင်ကယ်ကလည်း အရှိန်ပြင်းတယ် ကားကလည်း ပြင်းတယ် ပြီးတော့ လမ်းကလည်း ကျဉ်းတော့ ရှောင်ဖို့ ခက်တဲ့အနေအထားမှာ ဝင်တိုက်မိတာပေါ့ ဆိုင်ကယ်မောင်းလာတဲ့သူကတော့ ဖြစ်တဲ့နေရာမှာဆုံးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပုသိမ် – ချောင်းသာ ကားလမ်းမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသားကို ဘက်စုံလူမှုကူညီရေးအဖွဲ့ (ပုသိမ်)ကားနဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ရုံးပိတ်ရက်ရှည်ကာလဖြစ်တာကြောင့် အနယ်နယ်အရပ်ရပ်က ပြည်သူတွေက ချောင်းသာကို အပန်းဖြေ ခရီး လာရောက်မှုကြောင့် ကားလမ်းတွေရှုပ်နေတာမလို့ ဆိုင်ကယ်တွေ သတိထားမောင်းဖို့ သတိပေးချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။