ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၇ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်းလုံခြုံရေးရဲစခန်းကို ဒီဇင်ဘာလ ၂၄ ရက် မနက် ၇ နာရီ ဝန်းကျင်က စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force- DGRF က ယမန်နေ့တွင်ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များလုံခြုံရေးယူပေးထားသည့် အဆိုပါရဲစခန်းကိုစီးနင်းတိုက်ခိုက်ရာ အချိန် ၁ နာရီခန့် ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ အများအပြားထိခိုက်ကြောင်း PDF အဖွဲ့ဝင် တစ်ဦးကပြောသည်။
”ကျနော်တို့စတိုက်တော့ ရည်မှန်းတာက စခန်းအတွင်းထဲအထိဝင်စီးဖို့ပေါ့။ အဲ့ဒီစခန်းက ရဲတွေအပြင် စစ်တပ် ပါလုံခြုံရေးယူထားတာ။ ထိတာတော့မျက်မြင် ၂ ယောက်သေတယ်။ ကျနော်တို့ဘက်က ပစ်တဲ့ ၄၀ မမ တွေ ကစခန်းထဲအထိကျတယ်ထိခိုက်သေဆုံးကတော့ ဒီထက်များနိုင်တယ် ။ သူတို့ဘက်ကလက်နက်ကြီးတွေနဲ့ပါ ပြန်ပစ်တာတွေရှိတယ်၊ ကျနော်တို့လူတွေအထိမခံချင်လို့ စခန်းအတွင်းထဲအထိတော့မဝင်ခဲ့ဘူး” ဟု DGRF တာ ဝန်ခံကဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုအား DGRF(ထားဝယ် ပကဖ)၊ လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) ၊ T-PDF ၊ TYB-PDF တပ်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များထိခိုက်မှုမရှိကြောင်းထုတ်ပြန်ဖော်ပြ သည်။
ယခုလဆန်းပိုင်းတွင်လည်း လောင်းလုံမြို့နယ်၊ မောင်းမကန်ရဲစခန်းစီးနင်းတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်းသိရသည်။
#ရေဖြူ #ထားဝယ်ရေနက်ဆိပ်ကမ်း #ရဲစခန်း #PDF #တိုက်ခိုက် #AyeyarwaddyTimes