ဧရာဝတီတိုင်းမ်
(ဆော)၊ ဒီဇင်ဘာလ ၂၇ ရက်

မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာအား ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက် နေ့လည် ၂ နာရီဝန်းကျင်အချိန်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ စစ်ကြောင်းထိုးခြင်းများမရှိပဲ လေကြာင်းဖြင့် ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူများ၏ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံရွာသား ၄ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က နေလည် ၂ နာရီလောက်မှာလာပစ်သွားတာ ရုတ်တရက်ကြီး။ အဲ့ဒီမှာတိုက်ပွဲဖြစ်တာမျိုးလဲမရှိဘူး။ PDFတွေရဲ့နယ်မြေလဲမဟုတ်ပဲ။ အရင်ကလည်းတိုက်ပွဲဖြစ်ခဲ့ဖူးတာမျိုးမရှိပဲ အကြောင်းအရင်းမရှိပစ်ခံခဲ့ရတာ။ အမျိုးသမီးတစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့သတယ်။ ဒဏ်ရာရဲ့သူတွေထဲက တစ်ယောက်ကအခြေအနေစိုးရိမ်ရတယ်လို့လဲ သိရတယ်”ဟု The Youth Force – Saw & Kyaukhtuတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးသူ ၄ ဦးမှာ ကိုဇော်မင်း (၄၇)နှစ်၊ ဒေါ်စောဝိုင်း(၆၆)နှစ် ၊‌ကိုကျော်ဌေးလင်း(၄၀)နှစ်နှင့် ကိုဇော်ဌေးဝင်း(၄၅)နှစ်တို့ဖြစ်ကြပြီး ဒေါ်စောဝိုင်း၊‌ကိုကျော်ဌေးလင်းနှင့် ကိုဇော်ဌေးဝင်းတို့သည် မိသားစုများဖြစ်ကြောင်းဒေသခံများက ဆိုသည်။

“ဒေါ်စောဝိုင်းတို့ မိသားစု ၃ ဦးသေဆုံးတဲ့အပြင် သူတို့မိသားစုထဲက နောက်တစ်ယောက်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ဒဏ်ရာရရှိတဲ့သူတွေ ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ကြောင်းထိုးခြင်းလည်းမရှိကြောင်းသိရှိရပြီး လေယာဉ်သံကိုပင် ကောင်းကောင်းမကြားရခင်တွင် ဗုံးပေါက်ကွဲသံများအရင်ကြားခဲ့ရကြောင်းဒေသခံများ၏ ပြောဆိုချက်များအရသိရသည်။

#ဆော #ညောင်ကန် #လေကြောင်း #ဗုံးကြဲ #သေဆုံး
#Ayeyarwaddy_Times