ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၂၆ ရက်
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်၊ဟံသာဝတီကျေးရွာအုပ်စု၊ ဟံသာ၀တီကျေးရွာကျေးရွာ ပျူစောထီးတွေမှ ဒေသခံများအား PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်မှုများပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါပျူစောထီးများသည် ရွာခံများထံမှ တစ်အိမ်လျှင် စပါး ၂ တင်းမှ ၁၀ တင်းအထိ ဆပ်ကြေးအဖြစ် လိုက်လံတောင်းခံနေပြီး စပါးမပေးလျှင် ရိုက်နှက် နှိပ်စက်ကာ တောင်းခံမှုများပြုလုပ်သည်ဟုဆိုသည်။
“ပျူစောထီးတွေက ရွာပတ်ပတ်လည်မှာ ဂိတ် ၁၂ ဂိတ်ချထားတယ်။ တောသွားတောလာလမ်းတွေမှာတောင်ဂိတ် တွေချထားတယ်။ ရွာထဲမှာ အိမ်အခြေ အနေအပေါ်မူတည်ပြီး တစ်အိမ်ကို စပါး ၂ တင်းကနေ ၁၀ တင်းအထိတောင်းတယ်။ မပေးနိုင်ပြသနာရှာပြီးရိုက်နှက်တယ် ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်က်ုပြောသည်။
ပျူစောထီးများ၏ နှိပ်စက်မှုများကြောင့် ဒေသခံမိားအနေဖြင့် နေရပ်တွင်ဆက်လက်မနေထိုင်ရဲသဖြင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။
” အမှတ် (၂)ရပ်ကွက်က ပျူစောထီးခေါင်းဆောင် လင်မယားက ပိုဆိုးသွမ်းတယ်။ ပျူစောထီးတွေ အသုံးပြုတဲ့ လက်နက်တွေကိုလည်း အထုတ်၊အသွင်းက အဲ့ဒီလင်မယားဆီမှာပဲ လုပ်ရတယ်။ ရွာထဲမှာ ဖုန်းမပြောရဘူး။ ဖုန်းပြောတဲ့သူတွေ့ရင် ခေါ်ပြီး ရိုက်နှက်တာတွေလုပ်တယ်။ စီးပွားရေး၊လူမူရေးနဲ့ ပတ် သက်ပြီး ရိုးရိုးသားသားဖုန်းပြောနေရင်လည်း PDF တွေနဲ့ ဆက်သွယ်နေတယ်ဆိုပြီး ထင်ကြေးနဲ့ တချို့ဆိုရင်ဗျာ ပြည်သူတွေ ဖုန်းပြောလို့ပါဆိုပြီး ပါးစပ်တွေကို အပ်နဲ့ချုပ်ပစ်တာတွေတောင်ရှိတယ်။ ရွာမှာက စား၀တ်နေရေးမပြေလည်တဲ့ ပြည်သူတော်တော်များများလည်းရှိတယ် ” ဟု အခြားဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ဟံသာဝတီကျေးရွာသည် ဂန့်ဂေါအတွင်းရှိ ရွာကြီးတစ်ခုဖြစ်ပြီး ၄င်းရွာ၏အောက်တွင် ရပ် ကွက်နှင့်ကျေးရွာ ၁၀ ခုထက် မနည်းရှိကာ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း ၈၀၀၀ နီးပါးနေထိုင်ကြောင်းသိရသည်။