ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ ဒီဇင်ဘာလ ၂၆ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်-AAနှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ခိုက်မှု အပစ်အခတ်ရပ်လိုက်သည်မှာ တစ်လကြာပြီဖြစ်သော်လည်း ပလက်ဝမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများ ​ရေပ်ပြန်နိုင်ခြင်မရှိသေးကြောင်း သိရသည်။

လက်ရှိ နှစ်ဖက်အပစ်အခတ်ရပ်နားထားမှုကြောင့် တိုက်ပွဲများဖြစ်ပွားခြင်းမရှိတော့သော်လည်း စစ်ဘေးရှောင်ပြည်သူများမှာ ၎င်းတို့ နေထိုင်ရာကျေးရွာများအတွင်း စစ်ကောင်စီတပ်မျာ တပ်စွဲနေထိုင်ခဲ့စဥ်က နေအိမ်များ ဖျက်ဆီးခဲ့ခြင်း၊ တောင်ယာစိုက်ခင်းများတွင် နင်းမိုင်းများထောင်ထားခဲ့ခြင်းတို့ကြောင့် စစ်ဘေးရှောင်ပြည်သူအများစုမှာ နေရပ်သို့ပြန်လည်နေထိုင်ရန် ခက်ခဲနေသေးကြောင်း စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူက ပြောသည်။

“တိုက်ပွဲဖြစ်တုန်းက စကစတွေက နေအိမ်တွေဖျက်ဆီးကြ တောင်ယာစိုက်ခင်းတွေမှာ မိုင်းထောင်၊တပ်စွဲနေကြတာ။ အခုရွာပြန်ရင် ဘယ်မှာသွားနေမလဲ။ ဘာရှာစားမှာလဲ။ စကစတွေက အိမ်ဆောက်ပေးတာလဲမဟုတ်။ ပြီးခဲ့တဲ့ အချိန်တွေမှာလည်း ရွာပြန်ပြီး စိုက်ခင်းသွားလို့ မိုင်းနင်းမိတာတွေရှိတယ်ဆိုတော့ ဘယ်သူပြန်ရဲမှာလဲ။ ဒီမိုကရေစီနိုင်ငံသစ်ပေါ်ပေါက်ပြီ နိုင်ငံတော်အစိုးရက စကစတွေကို မောင်းထုတ်ပြီးတော့ အိမ်တွေဆောက်ပေးမှ ရွာပြန်နိုင်မယ့်အနေအထားရှိပါတယ်။ မဟုတ်ရင်တော့ စစ်ရှောင်စခန်းမှာ အဆင်ပြေသလို စစ်ရှောင်နေကြဦးမှာပဲ”ဟု ပလက်ဝမြို့နယ် စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူအများစု စစ်ကောင်စီတပ်များ ဖျက်ဆီးသွားသည့် နေအိမ်များ၊ တောင်ယာများကိုလည်း ပြန်လည်ပြင်ဆင်နိုင်ရန် ငွေကြေးအခက်အခဲရှိနေကြောင်း သိရသည်။

ထို့အပြင် ပလက်ဝမြို့နယ်အား စစ်ကောင်စီက ကုန်စည်တင်သွင်းခွင့် ပိတ်ပင်ထားမှုကြောင့် ကုန်စျေးနှုန်းများ မြင့်တက်လျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“အခြေခံစားသောက်ကုန်ကစ ကုန်စည်တင်ပို့ သွားလာမှုမှာလည်း စကစက တားမြစ်ပိတ်ပင်တာတွေလုပ်နေဆဲဖြစ်ပြီး အကန့်အသတ်နဲ့တင်ပို့ သယ်ဆောင်နေတယ်။ အဲ့တာကြောင့် တချို့ကုန်စည်တွေ စျေးကျတာ ရှိတော့ရှိတယ် ဒါမဲ့အများစုတော့ စျေးနှုန်းမြင့်တက်နေဆဲဖြစ်တယ်”ဟု ပလက်ဝမြို့နယ် စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များက ကျေးရွာဒေသခံများ၏ တောင်ယာစိုက်ခင်းများတွင် တပ်စွဲနေထိုင်သည့်အပြင် ပြည်သူများ၏ နေအိမ်များဖျက်ဆီးခဲ့ကြသည့်အတွက် ဒေသခံ ၁ သောင်းဝန်းကျင်သည် ပလက်ဝမြိုနယ်အထက်ပိုင်း ပလက်ဝမြို့ပေါ်နှင့် အောက်ပိုင်းဆမီးမြို့တို့တွင် စစ်ဘေးရှောင်နေရကြောင်း ပလက်ဝမြိုနယ်စစ်ရှောင်စခန်းမှတာဝန်ရှိသူ တစ်ဦးထံသိရသည်။

#ပလက်ဝ #AA #စစ်ကောင်စီ #အပစ်အခတ်ရပ်စဲ #စစ်ဘေးရှောင်ပြည်သူ #နေရပ်မပြန်နိုင်သေး
#Ayeyarwaddy_Times