နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဒီဇင်ဘာလ ၂၆ ရက်

ဧရာဝတီတိုင်းမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေကို စစ်ကောင်စီ လက်အောက်ခံတရားရုံးတွေကနေ အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပြင် တော်လှန်းရေး အင်အားစုတွေကို ထောက်ပံ့ပေးတယ်ဆိုနဲ့ စွပ်စွဲခံရတဲ့ ဒေသခံ ပြည်သူ တွေကိုပါ အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်ခဲ့လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့ အထိ ဧရာဝတီတိုင်းမှာ ပုဒ်မ ၅၀၅ – (က)၊​ပုဒ်မ ၅၀ – (က)၊ ၅၂ – (က) စတဲ့ပုဒ်မတွေနဲ့ ထောင်ချခံထားရသူ ၃၅၀ ကျော်ထိရှိနေတယ်လို့ တရားရုံး နဲ့နီးစပ်သူတွေက ပြောပါတယ်။

” ပုဒ်မ ၅၀ (က) ၅၂ (က)နဲ့ ထောင်ဒဏ် ၁၅ နှစ်ကနေ ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်ခံရတဲ့သူက အယောက် ၅၀ ကျော်ရှိတယ်၊ ပြီးတော့ ပုဒ်မ ၅၀၅ (က)နဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်ခံရသူက ၃၀၀ ကျော်ထိရှိတယ်”လို့ တရားရုံးနဲ့နီးစပ်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။​

ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း သာပေါင်းမြို့နယ်က တိုက်နယ်ဆေးရုံ လက်ထောက်ဆရာဝန်အပါအဝင် လူငယ် ၇ ဦးကို စစ်ကောင်စီလက်အောက်ခံတရားရုံးက ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ တရားစီရင်းရေးကို စစ်ကောင်စီကပဲ ချုပ်ကိုင်ထားပြီး ပြည်သူတွေအတွက် တရးမျှတမှုရှိအောင် အကာကွယ်မပေးနိုင်တဲ့အပြင် လူသားတစ်ယောက်အတွက် ခုခံကာကွယ်ပိုင်ခွင့်ကို တရားဥပဒေအရ လုပ်ဆောင်နိုင်ခြင်းမရှိတော့ကြောင်း ဧရာဝတီတိုင်းက ရှေ့နေတွေက ပြောပါတယ်။