ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၆ ရက်
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၆ နယ်မြေ ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ၂၅ ရက် ယမန်နေ့ ပြု လုပ်ခဲ့ရာအမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်း တက်ရောက်သင်တန်းဆင်းပေးခဲ့ကြောင်းသိရသည်။
သင်တန်းဆင်းပွဲမိန့်ခွန်းပြောကြားရာတွင် NUG အစိုးရအနေဖြင့် တစ်နှစ်စီမံချက်အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါ အဝင် ကမ္ဘာ့နိုင်ငံများနှင့် သံခင်းတမန်ခင်း ကောင်း မွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်း အတာဖြင့် တိုင်းရင်းသားမဟာမိတ်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ပူးပေါင်းပြီး စစ်ဆင် ရေးအသာစီးရယူဆောင်ရွက်ထားနိုင်မှုစသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည် ဟု NUG အစိုးရသတင်းများကိုဖော်ပြပေးနေသည့် PVTV ကထုတ်ပြန်သည်။
ထို့နောက် ဝန်ကြီးချုပ်က တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မယ့်လက်နက်များအနက် အလက်၅၀ အား ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကော်ဘရာစစ်ကြောင်းမှ သင်တန်းဆင်းရဲဘော်များအတွက် ဂုဏ်ပြုငွေ ၁၀ သိန်း ကျပ်အား ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် CRPH အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းတို့မှပေးအပ်ခဲ့ကြောင်း ဖော်ပြသည်။