ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၆ ရက်

ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့နယ်မှာ ဒီဇင်ဘာ လ ၁၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီသတင်းပေး ၂ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမှတ် ၉ ရပ်ကွက်က ဒလန်ဇော်ဝင်းနဲ့ စော်ကဲချောင်းရွာက ဒလန် မြင့်နိုင်တို့ကို စစ်ကောင်စီတပ်သားတွေက ညပိုင်းမှာ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ ညပိုင်းဝင်ဖမ်းသွားတာ ကြက်ဝိုင်းလုပ်တာ ဝေစုမတည့်လို့ အချင်းချင်းပြန်တိုင်တယ်လို့တော့ ကြားတယ်။၂ ယောက်လုံးက ဒလန်တွေ သတင်းပေးတွေပေါ့နော် ကြက်ဝိုင်းလုပ်ဖို့ လိုင်းကြေးယူထားပြီး သူတို့အချင်းချင်းကြားမှာ ဝေစုမရလို့တိုင်တာလို့ ကြားတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာစစ်ကောင်စီသတင်းပေး အဖြစ် ဇော်ဝင်း၊ မြင့်နိုင်၊ ကျော်တင့်ဦးနဲ့ ခင်မောင်ကြည် တို့က အဓိကအမာခံသတင်းပေးဒလန်တွေလုပ်ကြပြီး လိုင်းကြေးတောင်းပြီး လောင်းကစားဝိုင်းတွေကို ရဲနဲ့ ပေါင်းလုပ်ခွင့်ပေးထားသလို ဝေစုမရတဲ့အခါအချင်းချင်းပြန်တိုင်ကြတာလို့ဆိုပါတယ်။

ဒလန် သတင်းပေး မြင့်နိုင်ကြောင့် ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း စလောင်းကျကျေးရွာမှာ နေထိုင်တဲ့ စီးပွားရေးပြေလည်သူ ၂ ဦးကို စစ်ကောင်စီတပ်သားတွေက ငွေညှစ်ဖို့အတွက် ဝင်ဖမ်းတာတွေရှိခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။