နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဒီဇင်ဘာလ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်စီးမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၁ သောင်းကျော်ထိရှိလာပြီလို့ ဒေသခံ တွေဆီက သိရပါတယ်။

တရုတ်ဝမ်ပေါင် ကုမ္ပဏီနားမှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး စခန်းချတာတွေ ကြောင့် အနီးအနားမှာရှိတဲ့ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ ဒီရက်ထဲ ရွာတွေကို စစ်ကြောင်းထိုးမွှေနှောက်တာတွေလုပ်နေတာ ဖောင်းကတာ ရွာမှာလည်း စခန်းချနေတာရှိတယ်၊ အနီးနားမှာရှိတဲ့ ရွာတွေ အကုန်လုံးထွက်ပြေးနေရတာ”လို့ လက်ပံတောင်းတောင် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကြောင်းထိုးမီးရှို့တာတွေကတော့ လက်ပံတောင်းတောင်ဒေသကို ဒီဇင်ဘာလ ပထမပတ်ကစတင်ပြီး စစ်ကောင်စီ တပ်ဘက်က ပိုမိုလုပ်ဆောင်လာတာလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းက တစ်ရွာဝင် တစ်ရွာထွက် မထင်ရင် မထင်သလို ရွာကတန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ ဒေသခံတွေမွေးထားတဲ့ တိရစ္ဆာန်တွေကို သတ်စားတာတွေပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ် – မုံရွာ ကားလမ်းမှာလည်း ကင်းလှည့်တာတွေနဲ့ ကင်းပုန်းဝတ်တာတွေပြုလုပ်နေတာကြောင့် အနီးနား မှာရှိတဲ့ ရွာတွေက ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – ပုံဟောင်းဖြစ်သည်။