ဧရာဝတီတိုင်းမ်
ရေး၊ ဒီဇင်ဘာလ ၂၅ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့တစ်နေ့ထဲတွင် စစ်ကောင်စီကင်းစခန်းတစ်ခုနှင့် ကင်းလှည့်နေသည့်ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Ye Guerrilla Force မှထုတ်ပြန်ထားပါသည်။

ရေးမြို့နယ်အနောက်ဘက်ရှိ အစင်ကျေးရွာအုပ်စုတွင် ည ၈ နာရီဝန်းကျင်တွင် ကင်းလှည်နေသည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များမောင်းနှင်လာသည့် ဆိုင်ကယ် ၃ စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒါ့ပြင် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင်လည်း ကြိုးတံတားရွာရှိ ၃ ဧကဝန်းကျင်ကျယ်ဝန်းသည့် အင်အား ၂၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီကင်းစခန်းအား Ye Guerrilla Forceနှင့်ပူးပေါင်းအဖွဲ့များမှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သေဆုံးမှုနဲ့ထိခိုက်မှုကိုတော့အတည်မပြုနိုင်တဲ့အတွက်အတိအကျမပြောနိုင်ပါဘူးခင်ဗျာ။ကျွန်တော်တို့ကဝင်တိုက်တဲ့အတွက်သေဆုံးမှုတော့ရှိတယ်။စခန်းသိမ်းဖို့ရည်ရွယ်ခဲ့ပေးမဲ့ ခလရ ၅၈၈ကနေတိုက်ပွဲငယ်ဖြစ်ရာနေရာကိုလက်နက်ကြီးပစ်ကူပေးတာကြောင့် ကျွန်တော်တို့ဘက်မှအထိခိုက်မခံနိုင်တဲ့အတွက်မတက်သိမ်းနိုင်ဘဲပြန်ဆုတ်ပေးခဲ့ရတယ်” ဟု Ye Guerrilla Force တပ်ဖွဲ့မှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စစ်​ကောင်စီကင်းစခန်းမှ စစ်ကောင်စီမှအထိုင်ချသည်မှာ ကြာပြီဖြစ်ပြီး ကာကတုတ်ကျင်းများပါ တူးထားပြီး စခန်းသိမ်းရန်ကည်ရွယ်ချက်ဖြင့် ဝင်ရောက်တိုက်ခိုက်ချိန်တွင် ခလရ ၅၈၈ တပ်မှ လက်နက်ကြီးပစ်ကူသောကြောင့်ပြန်လည်ဆုတ်ခွာခဲ့ ရကြောင်း သိရသည်။

Ye Guerrilla Forceသည် နိုဝင်ဘာလ ၂၃ ရက်တွင်လည်း ရေးမြို့နယ် နှင်းစုံတံတားတွင်တပ်စွဲထားသည့် စစ်ကောင်စီကင်းစခန်းအား ၄၀ မမများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဒဏ်ရာအများအပြားရရှိခဲ့​ကြောင်း YGF ထံကသိရသည်။

#Ayeyarwaddy_Times