ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၅ ရက်
ရှမ်းပြည်နယ်၊တောင်ကြီးမြို့အခြေစိုက်ပြီး ရှမ်းဒေသတွင်းသတင်းများကိုအဓိကဖော်ပြပေးနေသည့် ကမ္ဘောဇတိုင်းမ် သတင်းဌာန၏ အယ်ဒီတာချုပ် ဦးကျော်ဇေယျ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်အစောပိုင်းတွင် စစ် ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း မိသားစုဝင်တစ်ဦးထံကသိရသည်။
ပဲခူးတိုင်း(အနောက်ခြမ်း)ကြို့ပင်ကောက်မြို့နယ်အတွင်း က နေအိမ်တစ်ခုတွင်သွားရောက်ရှောင်တိမ်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ကြို့ပင်ကောက်ရဲစခန်းတွင်စစ်ဆေးမှုများလုပ်ဆောင်ပြီးနောက် စစ်ကောင်စီတပ်၏ အုတ်ဖို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့( စရဖ) တပ်ဖွဲ့ ဝင်များမှ ခေါ်ဆောင်သွားသည်ဟု ဦးကျော်ဇေယျ၏ မိသား စုဝင်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
”ဒီမနက် ၃ နာရီမှာ ကြို့ပင်ကောက်ကနေအိမ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေက လာဖမ်းခေါ်သွားတာ။ မနက်ကကြို့ပင်ကောက်ရဲစခန်းမှာ စစ်ကြောရေးလုပ်ပြီး နေ့လည် ၂ နာရီလောက်မှာ အုတ်ဖို စရဖ ကလာခေါ် သွားတယ်လို့သိရတယ်။ ပုဒ်မကတော့ လက်ရှိက ၅၀၅ တပ်ထားတယ်လို့သိရတယ်။ အခုက စရဖ လက်ထဲ မှာရောက်နေတယ်” ဟု ၎င်းကဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ် လအတွင်းကစတင်၍ စစ်ကောင်စီက ကမ္ဘောဇတိုင်းမ် သတင်းဌာန ထုတ်ဝေသူအပါအဝင် အယ်ဒီတာအဖွဲ့ဝင်များကို ပုဒ်မ ၅၀၅ ဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဦးကျော်ဇေယျ၏ ဇနီးဖြစ်သူ တာဝန်ခံအယ်ဒီတာ မနန်းနန်းတိုင်၊ မောင်ဖြစ်သူ စိုင်းစည်သူ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်နှင့် သတင်းထောက် မနန်းဝင်းရီတို့ ၄ ဦးမှာ စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံခဲ့ရပြီး ဦးကျော်ဇေယျ က ရှောင်တိမ်းနိုင်ခဲ့သည်ဟုဆိုသည်။
ဖမ်းဆီးခံရသူ ၄ ဦးအား စစ်ကောင်စီ ညောင်ရွှေအထူးတရားရုံးမှ ဖမ်းဆီးပြီး ၉ လခန့်အကြာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ထောင်ဒဏ် ၃ နှစ်စီအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် ပြစ်ဒဏ်အား အယူခံ အနိုင်ရခဲ့ပြီး တစ်နှစ်လျော့ကျကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကမှ ၄ ဦးစလုံးပြန်လည်လွတ်မြောက်လာခဲ့ကာ လွတ်မြောက်လာသည် မှာ ၁ လကျော်သာရှိသေးကြောင်းသိရသည်။