ကိုကိုမိုး/ဧရာဝတီတိုင်းမ်
(ကန့်ဘလူ)၊ ဒီဇင်ဘာလ ၂၅ ရက်

ဒီဇင်ဘာလ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဂါးဂလော်ကျေးရွာ မီးရှို့ခံရမှုအား သတင်းဌာနများ၌ ဖော်ပြပြီးနောက် စစ်ကောင်စီတပ်က ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ်ထပ်မံ မီးရှိူ့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဂါးလဂေါ်ကျေးရွာကို စစ်ကောင်စီတပ်များက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပထမအကြိမ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဒုတိယကြိမ်လက်နက်ကြီးများနှင့်ပစ်ခတ်၍ ကျန်ရှိနေသည့် အဆောက်အဦးများအား ထပ်မံမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရွာမီးရှို့ခံရတဲ့ နောက်ဆက်တွဲသတင်းကတော့ မြေပြင်နဲ့ချိတ်လို့မရသေးပါဘူး။ အခြေအနေကပြောဖို့ခက်သေးတယ်ဗျ။ မြေပြင်ကိုချိတ်တာခုမနက်ထိအဆက်သွယ်မရသေးဘူး”ဟု ကျွန်းလှတက်ကြွလှုပ်ရှားအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးမှဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ – ၃၆၈) နှင့် လက်နက်ကိုင် ပျူစောထီးအဖွဲ့က ဂါးလဂေါ်ကျေးရွာကို ၂ ကြိမ်တိုင် မီးရှိူ့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ရွာဦးဘုန်းကြီးကျောင်းနှင့် ကျေးလက်ဆေးပေးခန်း အပါအဝင် လူနေအိမ် ၂၃ လုံး မီးလောင်ပျက်ဆီးခဲ့ပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး၂ ဦးအနက် အမျိုးသား ၃ ဦးကို ညှင်းပန်းသတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၂ ဦးမှာမူ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

#ကန့်ဘလူ #ဂါးလဂေါ် #မီးရှို့ဖျက်ဆီး
#Ayeyarwaddy_Times