ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၂၅ ရက်
(ချစ်အိလှိုင်ရေးသားသည်။)
မြန်မာပြည်တောင်ပိုင်းသို့သွားသည့်အဝေးပြေးကားလမ်းမကြီးပေါ် သွားနေသည့်ကားတစ်စီးမှာ ရုတ်တရက်ရပ်တန့်သွားသည်။
မိုးရာသီကာလဖြစ်သည့်အတွက် မိုးက လည်း ရက်ဆက်တိုက်ရွာနေပြီး မိုး ကောင်းကင်တစ်ခုလုံးအုံ့ဆိုင်းနေသည်။
ထိုကားပေါ်မှ ဒရိုင်ဘာဖြစ်သူဆင်းသွားချိန်တွင် လမ်းဘေးရပ်နေသူတစ်ဦးမှ ရုတ်တရက် သူ့အား ဖြန်းခနဲ့ ပါးရိုက်ချလိုက်သည်။
ထိုနေရာမှာ မြန်မာပြည်တောင်ဖက်အ စွန်ဆုံး တနင်္သာရီတိုင်းအကျော် မလွဲတောင်ဆင်းလမ်းရှိ စစ်ကောင်စီတပ် ဖွဲ့၏ စစ်ဆေးရေးစခန်းတစ်ခုဖြစ် သည်။
“မလွှဲတောင်မှာအဖမ်းခံရတာ။ကားသမားကို ပါး ရိုက်တာတွေ့တော့ကြောက်သွားကြတယ်။ဓာတ်ပုံတွေရိုက်ကြတယ်။မိန်းကလေးတွေ မျက်ရည်ဝဲပြီး ခေါင်းငုံ့နေကြရတယ်။မလုံခြုံသလိုခံစားခဲ့ရတယ်။” ဟု ဖမ်းဆီးခံခဲ့ရသူ များထဲမှအမျိုးသမီးတစ်ဦးဖြစ်သည့် မဖွေးဖွေး(အမည်လွဲ)က ပြန်ပြောပြသည်။
ထိုနေ့မှာ ယခုနှစ်မိုးဦးရာသီထဲက မိုးများအဆက် မပြတ်ရွာသွန်းနေသည့်နေ့တစ်နေ့ဖြစ်ပြီး ရန်ကုန်မှ တနင်္သါရီသို့ခရီးသည်များပါလာသည့်ကားကို စစ်ကောင်စီတပ်က ရပ်တန့်စစ်ဆေးလိုက်ခြင်းဖြစ် သည်။
ထိုကဲ့သို့ရပ်တန့်စစ်ဆေးစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ကားမောင်းသူကို ပါးရိုက်လိုက်ခြင်းဖြစ်သည်။
ထိုကားပေါ်ပါလာသူအားလုံးတွင် လမ်းတံတားအလုပ်သမားများဖြစ်ကြောင်း ထောက်ခံစာတစ်ရွက်စီပါကြသည်။ထိုအထဲတွင် မဖွေးဖွေးမှလွဲ၍ အများစုမှာ ဆယ်ကျော်သက်အရွယ်များသာဖြစ်ကြသည်။
“သူတို့က နင်တို့အရုပ်တွေက လမ်းလုပ်သားတွေပေါ့လေလို့ပြောတယ်။ပြောလည်းပြောစရာကို။အကုန် လုံးက အလုပ်ကြမ်းလုပ်ဖူးတဲ့ရုပ်မှမပေါက်ကြတာ။”ဟု မဖွေးဖွေးက ဆက်ပြောသည်။
ထိုမဖွေးဖွေးမှာ ရခိုင်ပြည်နယ်၊စစ်တွေမြို့မှအသားဖြူဖြူ၊ပိန်ပိန်သွယ်သွယ်နှင့် အသက် ၃၀ကျော်အရွယ်အမျိုးသမီးတစ်ဦး ဖြစ်သည်။မိခင်မရှိသည့် သူမတို့မောင်နှမသုံးယောက်ကို ရှာဖွေကျွေးမွေးလာသော ဖခင်မှာ မဖွေးဖွေးဘွဲ့ရသည့်နှစ်တွင် နောက် အိမ်ထောင်ပြုသွားခဲ့သည်။
ထိုအချိန်မှစတင်ကာ ပညာဆုံးခန်းမတိုင်ခဲ့သည့် မောင်နှစ်ယောက်၏စားဝတ်နေရေးကို သူမတာဝန်ယူခဲ့ရသည်။ သူမသည်စက်ယန္တရားများရောင်းသည့်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး အကောင်း ဆုံးဝန်ထမ်းဆုများပင်ရရှိခဲ့ဖူးသည်။
သို့ရာတွင် ထိုကုမ္ပဏီမှာ စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်းတွင် လုပ်ငန်းလည်ပတ်ရန်အဆင်မပြေဖြစ်လာသဖြင့် ဝန်ထမ်းအများစုကို အလုပ်ရပ် ဆိုင်းလိုက်ရသည်။ထိုအထဲတွင် မဖွေးဖွေးလည်း ပါသွားခဲ့သည်။
ယင်းနောက် သူမမှာ အလုပ်လက်မဲ့နေ ထိုင်ခဲ့ရပြီး ယခုနှစ်၊မေလတွင် အသိတ စ်ယောက်မှတဆင့် မလေးရှားနိုင်ငံမှာအလုပ်ရမည်ဟု သတင်းတစ်ခုရလာသည်။
ထို့နောက်အလုပ်အကိုင်ရှာဖွေရေးပွဲ စားနှင့်ချိတ်မိကာ မောင်နှမနှစ်ယောက်စာအတွက် ငွေကျပ်သိန်း ၆ဝ လွှဲပေးပြီး ယခုနှစ်ဇွန်လ ၁၆ ရက်နေ့တွင် စစ်တွေမှရန်ကုန်မြို့သို့မောင်နှမနှစ်ယော က် စထွက်ခဲ့ကြသည်။
ရန်ကုန်တွင် လူစုရန် တစ်လထပ်စောင့်ကြရပြီးရခိုင်နှင့်ပဲခူးတိုင်းဖက်မှ နောက်ထပ်လူသုံးဆယ်ဦးခန့်ရောက်လာကာ မကြာခင်ရန်ကုန်မြို့မှ Express ကားတစ်စီးဖြင့် မလေးရှားခရီးစဉ်ကို စထွက်ခဲ့ကြသည်။
ထိုကဲ့သို့စထွက်ပြီး နောက်နှစ်ရက်၊ နေ့လယ်ပိုင်းအချိန်၌ တနင်္သာရီတိုင်းမလွှဲတောင်စစ်ဆေးရေးဂိတ်တွင် သူမတို့ကို ရဲ၊လဝကနှင့်စရဖ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးခြင်းခံလိုက်ရသ ည်။
ထိုလမ်းခရီးတစ်လျှောက်လုံးတွင်လက် နက်ကိုင်အဖွဲ့များ၏ ဂိတ်များကိုမရေမတွက်နိုင်အောင်တွေ့မြင်ဖြတ်လာခဲ့ရသည်။ထိုဂိတ်များအားလုံးတွင် ငွေများပေးခဲ့၍သာ လမ်းဖြတ်ခွင့်ရခဲ့ကြသည်ဟုဆိုသည်။
ထိုဖမ်းဆီးခံရသည့် မလွဲတောင်ဂိတ်တွင်ကား လူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းကျော် တောင်းသဖြင့် ညှိ့နှိုင်းဖြေရှင်းပြီး သူတို့အားလုံးသူလွတ်လာကြသည်ဟု သူမက ဆိုသည်။
“အဲဒီကပြန်လွှတ်လာခဲ့ကြပေမယ့် ကျွန် မမောင်လေးက မကြီးအိမ်ပြန်ပါတော့တဲ့။သူပဲဆက်သွားမယ်လို့ပြောတယ်။ ကျွန်မငိုလည်းငိုချင်တယ်။ဒါပေမယ့် သူ့တစ်ယောက်တည်းလည်း မလွှတ်လို က်ချင်ဘူး။ဒါကြောင့် ဖြစ်ချင်ရာဖြစ်ထွက်လာခဲ့တယ်။”ဟု မဖွေးဖွေးကဆက်ပြောပြသည်။
သူတို့ပြန်လွတ်လာပြီး ခရီးဆက်ကြရာ ပွဲစားမှ လမ်းခရီးအခြေအနေစောင့်ကြည့်နေရသည်ဟုဆိုကာ ရေးမြို့အရောက်တွင် ကဗျာဝလမ်းဆုံအနီးမှ စားသောက်ဆိုင်တစ်ဆိုင်အောက် မြေ ကြီးပေါ်တွင် တာပေါ်လိပ်အခင်းဖြင့် အိပ်ကြရသည်။
ထိုကဲ့သို့ရက်သတ္တပတ်လုံးနေကြရပြီးတစ်နေ့ကို တည်းခိုခ တစ်ထောင်ပေးနေခဲ့ကြရသည်။ထိုစားသောက်ဆိုင်အောက်တွင် အခြားနေရာမှလာသည့် ကားပေါ်ပါလာသူလည်း လူတစ်ရာခန့်ရှိသည်။
ယင်းနောက်ထိုင်းနယ်စပ်သို့ မဖွေးဖွေးတို့ လူအယောက် ၅ဝ ကျော်တစ်စုတ ည်း ဖြတ်ကြရသည်။ပွဲစားများမပါတော့ဘဲ သူမတို့ကို ထိုင်းလမ်းပြများထံ လွှဲပေးလိုက်ကြသည်။တောင်ငါးလုံးကို ခြေလျင်ဖြင့်တက်ကြရသည်။တောင်အစလမ်းတွင် ဖိနပ်ကျွတ်ကျန်ခဲ့၍ ဖိန ပ်မပါပဲတက်ခဲ့ရသည့်အတွက် ခြေဖဝါးနှစ်ဖက်လုံးသွေးထွက်နေသည်ကို တည်းခိုသည့်နေရာရောက်မှသတိပြုမိသည်ဟု သူမကဆိုသည်။
“ထိုင်းလမ်းပြက သူတို့စကားနဲ့ ပိုင်ပိုင်လို့အော်ရင်ပြေးရတယ်။သူကဝပ်ဆိုရင်ဝပ်ရတယ်။လူနေအိမ်တွေရဲ့အိမ်သာနောက်တွေကဖြတ်သွားရတယ်။မစင်ပုံနားတွေမှာစားသောက်ပြီး နားရတဲ့အခါ လူတိုင်းကခွေးတွေ၊ဝက်တွေလိုမျိုးဖြစ်ကုန်ကြတယ်။”ဟု လမ်းခရီးတစ်လျှော က် သူမတို့ကြုံတွေ့ခဲ့ရသည်များကိုပြန်ပြောပြရင်း မဖွေးဖွေးမှာ မျက်ရည် များဝဲနေသည်။
ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့ကို နေ့ စဉ် လူရာနှင့်ချီ၍ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရာတွင် ဖမ်းဆီးခံရသူများကို ထိုင်းအာဏာပိုင်များက ၄၅ ရက်ကြာ ထောင်ဒဏ်ချမှတ်သည်။
တချို့မှာ နားလည်မှုဖြင့် လျှော်ကြေးပေးကာ ပြန်လွှတ်မြောက်ပြီး အလုပ်လုပ်ခွင့်ရကြသည်။ထိုကဲ့သို့ဖမ်းဆီးခံရမည်ကိုသိသော်လည်း မြန်မာနိုင်ငံမှ တိုလူမျိုးစုံ၊ဘာသာပေါင်းစုံမှ အရွယ်စုံမှာနယ်စပ်ဖြတ်ကျော်နေကြဆဲဖြစ်ကြော င်း အလုပ်သမားအရေးလှုပ်ရှားသူများက ဆိုကြသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကလည်း လွန်ခဲ့သည့်စက်တင်ဘာ ၁၈ ရက်နေ့က မြန်မာနိုင်ငံတွင် အာဏာ သိမ်းမှုအကျိုးဆက်အဖြစ် စီးပွားရေးကျပ်တည်းလာကာ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်လာကြေေကြာင်း၊အာဏာသိမ်းစစ်ကောင်စီမှ တ ရားဝင် အလုပ်လုပ်ကိုင်ရေးကို စောင့် ကြပ်သည့်ဌာနဆိုင်ရာများက အကျင့်ပျက်ခြစားမှုများကြောင့်ကောင်းမွန်စွာစီမံနိုင်ခြင်းမရှိပဲ အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုမြှင့်မားလာနေကြောင်း ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံအတွင်းမှ အလုပ်အကိုင်ရှာဖွေရေး အေ ဂျင်စီများမှတဆင့်မလေးရှားနိုင်ငံသို့ တရားဝင်ဈေးနှုန်း လူတစ်ဦးငွေကျပ် ၂၅ သိန်းမှ သိန်း ၃ဝ ဝန်း ကျင်ပေးနေကြရသည်။
သို့ရာတွင်နိုင်ငံကူးလက်မှတ်ရုံးများတွင် သုံးလေးလစောင့်ဆိုင်းကြရသည်။မစောင့်နိုင်သူများမှာနယ်စပ်ကိုဖြတ်၍ တရားမဝင်လမ်းကိုရွှေးချယ်သွားလာကြရတော့သည်။နယ်စပ်မှ တရားမဝင်ဖြတ်သွားပါက ပွဲစားများကို လူတစ်ဦး ဈေးနှုန်း ငွေကျပ် သိန်း ၃ဝ မှ၄ဝ အထိပေးနေကြရကြောင့် ကိုယ်တိုင်သွားရော က်ခဲ့သူများက ပြန်ပြောပြကြသည်။
မဖွေးဖွေးတို့မောင်နှမနှစ်ယောက်သည်မလေးရှား နိုင်ငံ၊အိုင်ဖိုး(IPOH)မြို့သို့ ဇူလိုင်လတွင် ရောက်ရှိခဲ့ကြသည်။သူမက စားပွဲထိုး၊သန့်ရှင်းရေးလုပ်ရပြီးမောင်ဖြစ်သူမှာ ပန်းကန်များဆေးရသည့် အလုပ်ကို သူမနှင့်အတူစားသောက်ဆိုင်တစ်ခုတည်းတွင် လုပ်ခွင့်ရသည်။
မကြာသေးမီစက်တင်ဘာလဆန်းပိုင်းတွင် သူမတို့အလုပ်လုပ်ရာ စားသောက်ဆိုင်သို့ လူငယ်လေးဦး ထပ်မံရောက်ရှိလာခဲ့သည်။
ထိုလူငယ်များမှာ ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ နယ်မှ အသက် ၁၉ နှစ်အရွယ် လူငယ်များဖြစ်ကြသည်။
“ကျွန်တော်လာတုန်းက သိန်းလေးဆယ်ကျော်ပေး လိုက်ရတယ်။ဖမ်းနေတာသိတယ်။ဖမ်းလည်းမတတ်နိုင်ဘူး။ထိုင်းနယ်စပ်မှာ ညဖက်တွေဖြတ်ရတော့ ခြေ လျင်လျှောက်ရ၊ပြေးခဲ့ရတုန်းက တစ်ခု ခုဖြစ်ရင် သေသွားမလားလို့ ထင်ခဲ့တ ယ်။”ဟု ထိုအထဲက မောင်ဖြိုးဝင်းလှိုင်ဆိုသူက ပြောပြသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ ရေးအခြေအနေကြောင့် ကုန်ဈေးနှုန်းအဆမတန်မြှင့်မားလာပြီး အလုပ်အကိုင်ရှားပါးမှုဒါဏ်ကို တစ် နိုင်ငံလုံးကြုံတွေ့ခဲ့ကြရသည်။
ထိုနောက်ပိုင်းတွင် နိုင်ငံခြားသို့ ထွက်၍ အလုပ်လုပ်သူများ သိသိသာသာများလာခဲ့သည်။ယင်းအပြင် CDM နှင့်အ စိုးရမှ ဖမ်းဆီးရန်လိုက်လံရှာဖွေခံရသူ များလည်း နယ်စပ်ကိုဖြတ်၍ နိုင်ငံအ တွင်းမှ ထွက်ပြေးနေကြရသည်။
လက်ရှိရခိုင်ပြည်နယ်မှ လူငယ်အများအပြားလည်း ပြည်ပသို့ထွက်ခွာအလုပ်လုပ်နေကြရာ သက်ကြီးရွယ်အိုနှင့်က လေးများသာကျန်တော့သည်ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက ဆိုကြသည်။
“အလုပ်အကိုင်မရှိ၊စားဝတ်နေရေးအ ဆင်မပြေကြတော့ လူငယ်တွေ နိုင်ငံ ခြားကိုရောက်ကုန်ကြပြီ။ကျေးရွာတွေမှာ ရှင်ပြု၊အလှူပွဲရှိလို့သွားရင် ရွာဓလေ့ ဧည့်ခံ ကျွေးမွေးဖို့တောင် အပျို၊လူပျို မရှိတော့ဘူ။”ဟု ရခိုင်အမျိုးသမီးကွန် ရက် ဥက္ကဌဒေါ်ညိုအေးက ပြောသည်။
မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့်မလေးရှားနိုင်ငံတို့တွင် မြန်မာနိုင်ငံသားကလေးငယ်များနှင့် အသက် ၁၈ နှစ်မပြည့်သေးသည့် လူငယ်များလည်း တရားမဝင်နယ်စပ်ဖြတ်ကျော်သွားနေကြရာ မကြာခဏ ဖမ်းဆီးခံရမှုများလည်းရှိနေသည်။
လွန်ခဲ့သည့်နိုဝင်ဘာလ ၂၄ ရက်နေ့က မလေးရှားနိုင်ငံတွင် အသက်မပြည့်ဘဲ အလုပ်လုပ်နေသည့်မြန်မာလုပ်သား များအပါ လူ ၁၂ဝ ကျော်ဖမ်းဆီးရမိကြောင်း မလေးရှားနိုင်ငံပိုင်သတင်းများတွင် ဖော်ပြခဲ့သည်။
သို့သော်လည်း တရားမဝင်နယ်စပ်ဖြတ်ကျော်သွားလာနေကြသူများမှာရပ်တန့်မသွားပေ။လွန်ခဲ့သည့်ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန်သွားသည့် မြန်မာနိုင်ငံသား ၅၃ ဦးကို ထိုင်းနိုင်ငံ၊ကန်ချနာဘူရီခရိုင်မှာ ထိုင်အာဏာပိုင်များဖမ်းဆီးခဲ့ပြန်သည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ သွား ရောက်အလုပ်လုပ်ကိုင်နေသည့် တရား ဝင်အလုပ်သမားသာမက တရားမဝင်အလုပ်သမား စုစုပေါင်းငါးသိန်းနှင့်ခြောက်သိန်းကြားတွင် ရှိနိုင်ကြောင်းမလေးရှားနိုင်ငံ မြန်မာသံရုံးက ခန့်မှန်းထားသည်။
လက်ရှိမှာ တရားမဝင်အလုပ်သမားများ နေရပ်ပြန်ရန် မြန်မာသံရုံးကို လူ ၁၅ဝဝ ကျော်စာရင်းပေးထားကြောင်း မလေးရှားနိုင်ငံ ကွာလာလန်ပူ သံရုံးက ထုတ်ပြန်ခဲ့သည်။
မဖွေးဖွေးကဲ့သို့ပင် တရားမဝင်နယ်စပ်ဖြတ်ကျော်ရသည့်ဒုက္ခများကို ကိုယ် တွေ့ကြုံတွေ့ခံစားနေကြရသူများက နောက်ထပ်လာမည့်သူများကိုလည်း ထို ကဲ့သို့ ကြုံတွေ့မခံစားကြစေချင်ဟု ဆိုကြသည်။
ထိုကြောင့် မြန်မာပြည်တွင်းက နောက်ထပ် ပြည်ပထွက်ခွာအလုပ်လုပ်ရန်လာမည့်သူများအား တရားမဝင်လမ်းကြောင်းမှ မလာကြရန်ပြောဆိုအသိပေးထားကြသည်။
“လူငယ်တွေကို တရားမဝင်မလာစေချင်တော့ဘူး။ကိုယ်ခံစားခဲ့ပြီးပြီဆိုတော့။ဒါပေမယ့် ကျွန်မတို့ကိုလည်းအဲ ဒီလိုပဲလာခဲ့တာမလားဆိုပြီးအထင်မသေးကြစေချင်ပါဘူး။”ဟု သူမက ကြေကွဲတုန်ရီသည့် လေသံဖြင့်ပြောသ ည်။
ဒီဇင်ဘာဆောင်းရက်များ၏မလေးရှာရာသီဥတုသည် သူမကိုပိုပြီးအိမ်လွမ်းလာစေသကဲ့သို့ လက်ရှိသူမတို့ခံစားကြုံတွေ့နေရသည်များကလည်း ဘဝနာလှသည်။သူမ၏ပါးပြင်တွင် မျက်ရည်များရုတ်တရက်လိမ့်ဆင်းလာသဖြင့်သူမရှေ့သို့လှမ်းကြည့်လိုက်ရာ သူမ၏မောင်လေးမှာ သီချင်းလေးဆိုရင် ပန်းကန်များကို ဆေးကြောနေလေတော့သည်။
(ယခုသတင်းဆောင်းပါးသည် Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency ၏သတင်းဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)