ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၂၄ ရက်

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ ဒေသအလိုက် ပြည်သူ့လုံခြုံရေး အဖွဲ့တွေ ဖွဲ့စည်းနေပါတယ်။ ဒီလိုဖွဲ့စည်းတာဟာ အခုနှစ် မတ်လ ၃ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အစည်း အဝေး တစ်ရပ်မှာ ဒေသအလိုက် ပြည်သူ့လုံခြုံရေး အဖွဲ့တွေ ဖွဲ့စည်းဖို့ ညွှန်ကြားခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒေသအလိုက် ပြည်သူ့လုံခြုံရေး အဖွဲ့တွေကို ရဲတပ် ဖွဲ့၊ စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်၊ မီးသတ်၊ ကြက် ခြေနီ၊ ဒေသအကျိုးလိုလားသူများ၊ ပါတီတချို့နဲ့ ဝိုင်အမ်ဘီအေ အသင်း ကဲ့သို့သော အသင်းများ ပေါင်းစပ်ဖွဲ့စည်းဖို့အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွန်ကြားတာပါ။

လက်ရှိမှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ်တွေနဲ့ အထွေ ထွေ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ မင်းအောင်လှိုင် ညွှန်ကြားတဲ့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ပေါ်ပေါက်လာရေးအတွက် ခရိုင်နဲ့ မြို့နယ်အလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကိုဒေသခံ ပြည်သူတွေရဲ့ သဘောဆန္ဒမပါဘဲ အတင်းအကျပ် ဖိအားပေးဖွဲ့စည်းနေခြင်း ဖြစ်ပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုတွေအားနည်းတဲ့ ဧရာဝတီ တိုင်းမှာလည်း ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းနေပါတယ်။ ဧရာဝတီတိုင်းက ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ စွပ်စွဲဖမ်းဆီးဒဏ်ရိုက်မှုနဲ့ လက်နက်အားကိုး အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို ကြောက်ရွံ့တာကြောင့် ငြင်းဆိုရခက်ခဲလှတဲ့ မလူးသာမလွန့်သာ အခြေအနေပါ။

ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးတွေကလည်း မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ ဖွဲ့စည်းနိုင်ဖို့ အတွက် ကျေးရွာတစ်ရွာကို လူဦးရေ ၁၀ ဦးကနေ ၃၀ အထိ မဖြစ်မနေ စာရင်းပေးဖို့ ဖိအားပေး လုပ်ဆောင်နေပါတယ်။

ဧရာဝတီတိုင်း မအူပင်မြို့မှာတော့ စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီ အလိုကျ ပြည်သူ့လုံခြုံရေး အဖွဲ့နဲ့ ပြည်သူ့ စစ် ဖွဲ့စည်းနိုင်ရေး အတွက် အင်အားစုဆောင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ် လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။

“အုပ်ကြီးတွေကို တစ်ရွာ ၁၀ ယောက်ကနေ၃၀ အထိ တောင်းတယ်၊ အဲဒီတော့ ရွာက အုပ်ကြီးတွေက သူနဲ့ နီးစပ်တဲ့ သူတွေကို လိုက်စုပြီး စာရင်းကောက် အထက်ကို ပြန်တင်ပေါ့။ ရွာသား ၃၀ ကတော့ စာရင်းထဲ ပါသွားတယ်။ တချို့လည်း အုပ်ကြီးတွေကို ကြောက်ရတော့ ပါသွားတဲ့သူတွေလည်း ရှိတယ်၊ တချို့လည်း မဖြစ်မနေဆိုတာကြောင့် ပါတဲ့သူတွေလည်း ရှိတယ်”လို့ မအူပင်မြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကျေးရွာ တချို့မှာတော့ လူငယ် အမျိုးသားအများစုဟာ ရပ်ဝေးမှာ သွားရောက် အလုပ်လုပ်ကိုင်နေတာကြောင့် ပြည်သူ့ လုံခြုံရေး အဖွဲ့ ဖွဲ့စည်းဖို့ အတွက် စာရင်းပေးသွင်းဖို့ ပျက်ကွက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး တချို့ကို ရာထူးကထုတ်ပယ်ခဲ့တယ် လို့ ကျိုက်လတ် မြို့နယ်က ဒေသခံတစ်ဦးကလည်း ပြောဆိုပါတယ်။

“တချို့ရွာတွေမှာ ယောက်ျားလေး လူငယ်တွေက တခြားမှာ ထွက်အလုပ်လုပ်ကြတော့ မရှိဘူးပေါ့ဗျာ။ ရွာမှာလူရှာဖို့ အဆင်မပြေဘူးပြောတဲ့ အုပ်ကြီးတွေ ရာထူးက အဖြုတ်ခံလိုက်ရတယ်။ အသစ်တက်လာတဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ ကိုယ်နည်းကိုယ်ဟန်နဲ့ စည်းရုံးနေကြရတာပဲ။ စစ်ကောင်စီကလည်း မဖြစ်မနေဖွဲ့ဖို့ ညွှန်ကြားထားတာဆိုတော့ ကြောက်ကြောက်နဲ့ လုပ်နေကြရတာပါပဲ”လို့လည်း ကျိုက်လတ်မြို့ခံက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ညောင်တုန်းမြို့နယ်မှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူး တချို့ဟာ အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်တဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အရန် မီးသတ်တွေ ပြည်သူ့စစ် သင်တန်း တက်ရောက်ဖို့ စာရင်း ပေးသွင်းထားရပါတယ်။

“တစ်အုပ်စုကို ၁၀ ဦးစီတောင်းတာ မလုပ်ချင်ကြဘူး။မီးသတ်ဆယ်မှူး ရာမှူးတွေနဲ့အဖြစ်ဖွဲ့စည်း ပေး လိုက်ကြတယ်။ သူတို့ကတော့ ပြည်သူ့စစ်သင် တန်းပေးမယ် ဆိုပြီး ပြောတယ်”လို့ ညောင်တုန်းမြို့ခံတစ်ဦးကလည်း ဧရာဝတီတိုင်းမ်ကို ပြောပြပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားစာအရ ရပ်ကွက်နဲ့ ကျေးရွာအဆင့် ပြည်သူ့ လုံခြုံရေးအဖွဲ့တွေဟာ မြို့နယ်ပြည်သူ့လုံခြုံရေးလက်အောက်မှာရှိနေပြီး မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့တွေအနေနဲ့ ခရိုင် အဆင့် ပြည်သူ့ လုံခြုံရေး အဖွဲ့ရဲ့ ညွန်ကြားချက်ကို လိုက်နာရမှာဖြစ်ပါတယ်။ မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့တွေဟာ ရပ်ကွက်နဲ့ကျေးရွာ အဆင့် ပြည်သူ့လုံခြုံရေး အဖွဲ့တွေအတွက် စီမံချက်တွေ ရေးဆွဲပေးရမှာလည်း ဖြစ်ပါတယ်။ မြို့နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဖွဲ့စည်းပုံအရ စစ်ကောင်စီရဲ့ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရဲ့ အဖွဲ့ဝင်(၁) က ဥက္ကဋ္ဌ၊မြို့နယ် ရဲတပ်ဖွဲ့မှူးကဒု ဥက္ကဋ္ဌ တာဝန်ယူထားပြီး စစ်ကောင်စီတပ်မှ တပ်နယ်/တပ်ရေး၊ မီးသတ်ဌာနမှ ဒု ဦးစီးမှူး၊ လ.ဝ.က မှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့မိမြို့ဖ၊ ဘာသာပေါင်းစုံ ဥက္ကဋ္ဌ၊ ကြက်ခြေနီမှ မြို့နယ် တပ်ဖွဲ့မှူး၊ ပြည်သူ့စစ်ခေါင်းဆောင်တို့ဟာ အဖွဲ့ဝင်နေရာမှာ ပါဝင်နေတာကို တွေ့ရပါတယ်။

မြို့နယ်အလိုက် ပြည်သူ့လုံခြုံရေး အဖွဲ့တွေဟာ ရပ် ကွက်နဲ့ ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေး အဖွဲ့တွေထံ ၁ လ ၂ ကြိမ် ကွင်းဆင်း ဆောင်ရွက်ရမှာဖြစ်ပြီး လစဉ် ခရိုင်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့သို့ မှတ်တမ်းဓာတ်ပုံနဲ့တကွ အစီရင်ခံစာ တင်ပြရမယ်လို့ စစ်ကောင်စီရဲ့ ညွှန်ကြားစာမှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီအလိုကျ ပြည်သူ့လုံခြုံရေး အဖွဲ့တွေကို ဖွဲ့စည်းထားပေမယ့် မြို့နယ်တချို့မှာတော့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုပါ ပြည်သူ့စစ် ယူနီဖောင်း ဝတ်ဆင်ခိုင်းပြီး လစဉ် အစီရင်ခံစာ အတွက် မှတ်တမ်းဓာတ်ပုံလိမ်ညာ ရိုက်ကူးခဲ့ရတယ်လို့ ကျောင်းကုန်းမြို့နယ် စစ်ကောင်စီနဲ့ နီးစပ်သူတချို့က ပြောဆိုပါတယ်။

ဒါ့အပြင် မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေး အဖွဲ့တွေရဲ့ အဓိက လုပ်ငန်းစဉ် တစ်ခုဖြစ်တဲ့ တပ်နယ်မှူးရုံး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ နဲ့ သက်ဆိုင်ရာ နယ်မြေ ရဲစခန်း/ရဲကင်း စခန်းတို့မှာ ကျောထောက်နောက်ခံ ပြုပေးရမယ်လို့ စစ်ကောင်စီက ညွန်ကြားထားပါတယ်။

ဒါဟာ စစ်ကောင်စီ အနေနဲ့ စစ်ရေးအရ လူအင်အားလိုအပ်လာချိန်မှာ ပြည်သူတွေကို ဓားစားခံ အနေနဲ့ရော တပ်အင်အား အနေနဲ့ပါ အသုံးချဖို့ အတွက် ဖြစ်ပြီး ပြည်သူအချင်းချင်း ရန်တိုက်ပေးဖို့ ဖွဲ့စည်းထားတာလို့ ပုသိမ်မြို့ခံ အငြိမ်းစား ရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ပြောပါတယ်။

“သူတို့ ညွှန်ကြားစာထဲမှာ ပါတာတော့ နယ်မြေခံ စခန်း၊ ရဲကင်းစခန်းတွေ အတွက်ကျောထောက်နောက်ခံ ပြုပေးရမယ်လို့ပါ။ အမှန်က အရေးအကြောင်းလိုရင် အင်အားပေးဖို့ ခေါ်မယ်လို့ ဆိုလိုတာပါပဲ။ စစ်အင်အား လိုတဲ့အချိန် လိုသလို သုံးနိုင်ဖို့ စီစဉ်နေတာပဲ။ စစ်မှုထမ်း ဥပဒေထက် ပိုပြီးဆိုးတယ်။ တရားဝင် ပေါ်တာဆွဲတာလို့ပြောလို့ရတယ်”လို့ ပုသိမ် မြို့ခံ အငြိမ်းစား ရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးကလည်း ပြောပါတယ်။

ကိန်းဂဏန်းအားဖြင့် တွက်ချက်ကြည့်မယ် ဆိုရင် ပုသိမ်မြို့နယ် တစ်ခုတည်းမှာတင် ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု၈၀ ကျော် အထိ ရှိနေတာကြောင့် တစ်ရွာကို ၁၀ ယောက်နှုန်းနဲ့ တစ်မြို့နယ်လုံး ဆိုရင် ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်ပေါင်း ၈၀၀ ကျော် အထိ ရှိနေမှာပါ။ ဧရာဝတီတိုင်း ၂၆ မြို့နယ်နဲ့ တွက်ချက်မည်ဆိုပါက အင်အား ၂ သောင်းကျော် အထိ ရှိနေမှာ ဖြစ်ပါတယ်။

စစ်ကောင်စီ အနေနဲ့ ပြည်သူလူထုရဲ့ သဘောဆန္ဒမပါဘဲ ပြည်သူ့ လုံခြုံရေး အဖွဲ့ဝင်တွေအဖြစ် ဖိအားပေးသွတ်သွင်း နေခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုသာ ဖြစ်တယ်လို့ ပုသိမ်မြို့ခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောဆိုပါတယ်။

“အာဏာသိမ်းလိုက်ပြီ ဆိုကတည်းက မြန်မာနိုင်ငံသားတွေဟာ လူ့အခွင့်အရေးကို အပြည့်အဝ မရရှိတော့ပါဘူး။ မိမိရဲ့ သဘောဆန္ဒ မပါဘဲ။ အဖွဲ့အစည်းတစ်ခုတည်းကို အတင်း သွတ်သွင်းတာဟာ လူ့အခွင့်အရေး

ချိုးဖောက်တာပါ။ စစ်တပ်က ဆက်ပြီး အုပ်ချုပ်စိုးမိုးနေသရွေ့ မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးဟာ ဆက်ပြီး ချိုးဖောက်ခံနေရဦးမှာပါပဲ”လို့လည်း ပုသိမ်မြို့ခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူက ပြောပါတယ်။

အာဏာ သိမ်းစစ်တပ်ဟာ ကချင်၊ ချင်း၊ ကရင်၊ ကယား (ကရင်နီ) စတဲ့ တိုင်းရင်းသား ဒေသတွေနဲ့ စစ်ကိုင်း၊မကွေး၊ မွန်၊ တနင်္သာရီစတဲ့ မြေပြန့် ဒေသတွေမှာ တိုက်ပွဲတွေကြောင့် တပ်အင်အား လျော့ပါးလာခြင်း၊ ဖွဲ့စည်းပုံအားနည်းလာခြင်း တွေကို ရင်ဆိုင်နေရပါတယ်။

တစ်ဖက်ကလည်း တော်လှန်ရေး အင်အားစုတွေ တစထက်တစ ပိုမို အားကောင်းလာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု နည်းပါးတဲ့ ဒေသတွေက ပြည်သူ့လုံခြုံရေးအဖွဲ့တွေရဲ့ အင်အားကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ ဆက်လက် အာဏာတည်မြဲဖို့ အတွက် အသုံးချလာဖွယ် ရှိနေတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

#သတင်းဆောင်းပါး #စစ်ကောင်စီ #ပြခည်သူ့အုပ်ချုပ်ရေးအဖွဲ့ #ပြည်သူ #ရန်တိုက်
#Ayeyarwaddy_Times