ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဒီဇင်ဘာလ ၂၄ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖောင်းကွဲကျေးရွာအနီးတွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများအား ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)တပ်ရင်း (၁) ထံမှသိရသည်။
ပခုက္ကူနှင့် ရေစကြိုမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသည့် အင်အား ၁၃၀ ဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းအား အီနာဂါဗုံးသီးတပ်ဆင်ထားသည့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကြောင်း သိရသည်။
“ပခုက္ကူ၊ ရေစကြိုဘက်ကလာတဲ့စစ်ကြောင်း၊ အင်အားကတော့ ၁၃၀ နေ ၁၄၀ ကြားရှိတယ်။ ဒီညတော့ဖောင်းကွဲမှာဘဲ ညအိပ်စခန်းချနေတယ်။ ဒရုန်းနဲ့တိုက်တာ ၁ ကောင်သေပြီး ၄ ကောင်ဒဏ်ရာရတယ်”ဟု မြိုင်(ပကဖ)တပ်ရင်း(၁) တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုအား Pakokku Thurain ၊ Middle Revolutionary Technical Front (MRTF) နှင် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြိုင်(ပကဖ)နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း မြိုင်မြို့မြောက်ပိုင်း၌ လုံခြုံရေးတာဝန်ယူထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများ လောင်းကစားဝိုင်း၌ ဖဲရိုက်နေစဉ် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ၅ ဦးဒဏ်ရာရှိကြောင်း မြိုင်(ပ.က.ဖ)ထံမှ သိရသည်။